ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က အလှူအတွက်ဖြစ်တာကြောင့် ရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးကို ရန်ကုန်တိုင်းအတွင်းက ပရိဟိတကျောင်း ၅ ကျောင်းကို ခွဲခြမ်းလှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ အပြေးပြိုင်ပွဲကြီးကို လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံတကာက ပြိုင်ပွဲဝင်များအပြင် ပြည်တွင်းက ပြိုင်ပွဲဝင်များနဲ့ စုစုပေါင်း အပြေးသမား ၈ ထောင်ကျော်ပါဝင် ယှဉ်ပြိုင်ကြပါမယ်။
ဒီပြိုင်ပွဲကတော့ ၇ ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး Yoma Strategic Holdings ကုမ္ပဏီက ကြီးမှူးပြီး First Myanmar Investment Public ကုမ္ပဏီနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းကျင်းပတဲ့ ပြိုင်ပွဲဖြစ်တယ်လို့လည်း ပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြိုင်ပွဲကိုတော့ သုဝဏ္ဏမိုးလုံလေလုံး အားကစားခန်းမရှေ့ကနေ မနက် ၃ နာရီမှာစတင် တာထွက်စေမှာဖြစ်ပြီး ၃ ကီလိုမီတာ အပျော်တမ်း ပြေးပွဲနဲ့အတူ ၁၀ ကီလိုမီတာ၊၂၁ ကီလိုမီတာနဲ့ ၄၂ ကီလိုမီတာဆိုပြီး ပြေးပွဲ ၄ မျိုး ထည့်သွင်းကျင်းပမယ်လို့လည်း မီဒီယာ တာဝန်ခံ မသီရီရည်မွန်ရဲ့ ပြောပါတယ်။
“ ၃ ကီလိုမီတာ ကိုတော့ဆုမပေးပါဘူး။သူက အပျော်တမ်းသက်သက်ပါ။ ကျန်တဲ့ ၃ မျိုးမှာတော့ ပထမဆု၊ဒုတိ ယဆုနဲ့ တတိယဆုတွေသတ်မှတ်ပြီး အမျိုးသား၊ အမျိုးသမီး ခွဲပြီးပေးသွားမှာပါ။ အမျိုးသားနဲ့ အမျိုးသမီးက အတူတူ ပြေးရမှာ ဖြစ်ပေမယ့် ပန်းဝင်တာကိုတော့ အမျိုးသား သက်သက်၊အမျိုးသမီးသက်သက် ပန်းဝင်စေမှာ ပါ။” လို့ မသီရိရည်မွန်က ပြောပါတယ်။
၁၀ ကီလိုမီတာ ပြိုင်ပွဲအတွက် ပထမဆုကို အမေရိကန်ဒေါ်လာ ၈၀၀၊ ဒုတိယဆုကို ၄၀၀ နဲ့ တတိယဆုကို ၂၅၀ ပေးအပ်သွားမှာ ဖြစ်ပြီး၊၂၁ ကီလိုမီတာမှာတော့ ပထမဆု အမေရိကန်ဒေါ်လာ ၁၆၀၀၊ဒုတိယဆု ၉၀၀ နဲ့ တတိယဆုကိုတော့ ၅၀၀ သတ်မှတ်ထားပါတယ်။
အဲ့နောက် ၄၂ ကီလိုမီတာ ပြိုင်ပွဲမှာတော့ ပထမဆုကို အမေရိကန်ဒေါ်လာ ၂၇၀၀ ပေးအပ်သွားမှာ ဖြစ်ပြီး ဒုတိယဆုကတော့ ၁၄၀၀ နဲ့ တတိယဆု ၉၀၀ ရရှိကြမှာပါ။ ပြိုင်ပွဲဝင် ကစားသမားတွေအနေနဲ့ ပြိုင်ပွဲဝင် ပစ္စည်းတွေကို ဇန်နဝါရီ ၁၇၊၁၈နဲ့ ၁၉ ရက်နေ့တွေမှာ သုဝဏ္ဏမိုးလုံ လေလုံး အားကစားခန်းမကို မနက် ၉ ခွဲကနေ ညနေ ၄ ခွဲအတွင်း လာရောက်ထုတ်ယူနိုင်နေပြီလို့လည်း သိရပါတယ်။
ဒီပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်က ထောက်ပံ့လှူဒါန်းဖို့ ရန်ပုံငွေရှာဖွေတာ ဖြစ်ပြီး ရရှိလာမယ့် ရန်ပုံငွေတွေကို တော့ ရန်ကုန်မှာရှိနေတဲ့ ဝင်ငွေနည်းပါးသည့်နိုင်ငံသားများအတွက်YCDC ၏ ပရဟိတ နေ့ကလေးထိန်းကျောင်း၊ စက်သုံးလုံး ပညာရေးဖောင်ဒေးရှင်း၊မှန်ကင်း (၂) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အာရုံဦး ပညာရေးဖွှံ့ဖြိုးမူပရဟိတဂေဟာ တို့ကို လှူဒါန်းသွားမှာလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ပြိုင်ပွဲကြောင့် ကားလမ်းအချို့ကိုလည်း နာရီပိုင်းလောက် ခေတ္တလမ်းပိတ်ထားဖို့ ရှိပြီး မနှစ်ကလည်း ကျင်းပ ပြုလုပ်ခဲ့စဉ်က ပြည်တွင်းပြည်ပ ပြိုင်ပွဲဝင်ပေါင်း ၉၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။