တူရကီလိဂ်မှာ ကစားနိုင်ဖို့ အောင်ကောင်းမာန်မှာ အိပ်မက်တွေရှိနေခဲ့ပါပြီ။

လက်ရှိအချိန််မှာ မြန်မာဘောလုံးပရိသတ်တွေရဲ့ အာရုံအစိုက်ခံရဆုံးပြည်တွင်းကစားသမားကို ပြောပါဆိုရင်တော့ ထိုင်းလိဂ် (၁) ကလပ် ထရတ်အက်ဖ်စီမှာ ကစားနေတဲ့ အောင်ကောင်းမာန်ပဲ ဖြစ်ပါလိမ့်မယ်။ ဧရာဝတီယူနိုက်တက်အသင်းကနေ အငှားနဲ့သွားကစားနေတဲ့ မြန်မာယူ၂၂ တိုက်စစ်မှူးက ထရတ်အသင်းမှာ ကြိုးစားအားထုတ်မှုနဲ့အတူ ပရိသတ်အသိအမှတ်ပြုခံလာရသူလို့ ဆိုရပါမယ်။ ပုသိမ်အကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ ဒီကစားသမားက ဆီးဂိမ်းမှာ မြန်မာယူ၂၂အသင်းအတွက် ခြေစွမ်းပြပြီး ၅ ဂိုးအထိသွင်းယူပေးခဲ့ပြီးတဲ့နောက်မှာ ဒေသတွင်းအဆင့်အမြင့်ဆုံးလိဂ်ဖြစ်တဲ့ ထိုင်းလိဂ်ရဲ့ မျက်စိကျမှုကို ခံခဲ့ရတယ်ဆိုရင်လည်း မမှားပါဘူး။ 

အခုဆိုရင် အောင်ကောင်းမာန်က ထရတ်အက်ဖ်စီအတွက် ၄ ပွဲကစားပြီးသွားပါပြီ။ ဒီ ၄ ပွဲမှာ ၂ပွဲက ပွဲထွက်ခွင့်ရခဲ့ပြီး ၂ပွဲကတော့ လူစားဝင်ကစားခဲ့ရတာပါ။ ထရတ်ကတော့ လေးပွဲကစားပြီးချိန်မှာ လေးပွဲစလုံးအရေးနိမ့်ပြီး အမှတ်ပေးဇယားအောက်ဆုံးကို ရောက်နေပေမယ့် အောင်ကောင်းမာန်ရဲ့ ခြေစွမ်းပိုင်းကိုတော့ အသင်းပိုင်ရှင်က တော်တော်လေးသဘောကျနေတယ်လို့သိရပါတယ်။ အထူးသဖြင့် ဒီကစားသမားရဲ့ကြိုးစားအားထုတ်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့ပါ။ ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ မြန်မာစပါယ်ရှယ်အေဂျင်စီတည်ထောင်ထားတဲ့ ကိုရဲနိုင်ဝင်းရဲ့ လူမှုကွန်ရက်မှာ အောင်ကောင်းမာန်ရဲ့ ကြိုးစားနေပုံကို ဖော်ပြပြီးတဲ့နောက် မြန်မာပရိသတ်တွေဆီက ချီးကျူးသံတွေကလည်း ထွက်လာခဲ့ပါတယ်။ 

"ထရတ်နဲ့ သူ ၂ပွဲ ပွဲထွက်ရပြီး ၂ပွဲလူစားဝင်ရတယ်ပေါ့၊ ဒါက မြန်မာကစားသမားတစ်ဦးအတွက်တော့ အခွင့်အရေးရတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်၊ လူငယ်ကစားသမားတစ်ဦးအနေနဲ့ အသင်းက သူ့ကိုအားကိုးတဲ့သဘောမှာရှိတာပေါ့၊ အသင်းပိုင်ရှင်ကလည်း လူငယ်ကစားသမားတွေကို သဘောကျတယ်၊ စျေးကွက်ဖောက်ဖို့အတွက်ဆိုရင် အောင်ကောင်းမာန်လိုကစားသမားကို သူတို့က ရေရှည်ခေါ်ထားချင်တယ်လို့ ယေဘုယျအားဖြင့် သုံးသပ်လို့ရတယ်" လို့ ကိုရဲနိုင်ဝင်းက Duwun Sports ကို ပြောပြပါတယ်။ ဒါဟာ အောင်ကောင်းမာန်ကို နောက်ရာသီမှာလည်း ထရတ်အသင်းမှာ ဆက်မြင်တွေ့ရနိုင်မယ့် အလားအလာကောင်းလို့ ဆိုရပါမယ်။

အမှန်အတိုင်းဆိုရရင်တော့ အောင်ကောင်းမာန်က မြန်မာပရိသတ်တွေစိတ်ကြိုက်တွေ့တဲ့ ကစားသမားမျိုးမဟုတ်ခဲ့ပါဘူး။ လူငယ်အဆင့်ပြိုင်ပွဲတွေမှာ ဝေဖန်ခံရ၊ ပြစ်တင်ခံရတဲ့ ကစားသမားတစ်ဦးပါ။ ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တဲ့အချိန်တွေမှာတောင် လူငယ်အသင်းတွေအတွက်ရွေးချယ်ခံခဲ့ရလို့ အကြီးအကျယ်ဝေဖန်ခံခဲ့ရဖူးသူပါ။ ဒါပေမယ့် သူ့အတွက် အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ ပိုဟန်စတီလာရဲ့ ဧရာဝတီနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲပါ။ အဲဒီပွဲမှာ အောင်ကောင်းမာန်က ပြိုင်ဘက်ကစားသမားနှစ်ဦးကို လှလှပပလှည့်ထွက်ပြီး အဝေးကန်ချက်နဲ့ ဂိုးသွင်းယူပြီး ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့ပါတယ်။ 


နည်းပြပိုပေါ့ဗ်လက်အောက်မှာ အောင်ကောင်းမာန်ရဲ့ ခြေစွမ်းက သိသိသာသာတိုးတက်တာကိုလည်း ပရိသတ်တွေတွေ့မြင်ခဲ့ရမှာပါ။ ကစားသမားကိုယ်တိုင်ကလည်း ပိုပေါ့ဗ်ရဲ့ကျေးဇူးတွေကြောင့်လို့ အသိအမှတ်ပြုစကားဆိုခဲ့ပါသေးတယ်။ ဆီးဂိမ်းမှာ အောင်ကောင်းမာန်က အဓိကတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ရပြီး လူစားဝင်ကစားသမားအဖြစ်နဲ့သာ ဝင်ကစားခဲ့ရရင်တောင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အကွက်မြင်လာတယ်၊ ပြေးအားတွေကောင်းလာတယ်၊ ကန်သွင်းချက်တွေက ပစ်မှတ်ကိုပိုပြီးရောက်လာခဲ့တယ်ဆိုတဲ့ အချက်အလက်တွေက သူ့ခြေစွမ်းတိုးတက်လာတာကို မငြင်းဆန်နိုင်ပါဘူး။ ဒါကြောင့် အခု ထရတ်ကိုပြောင်းရွှေ့နိုင်ခဲ့တာက ဆီးဂိမ်းမှာပြသခဲ့တဲ့ ခြေစွမ်းကြောင့်လို့တောင် ပြောလို့ရတယ်လို့ သူ့ရဲ့အေးဂျင့်က ဆိုပါတယ်။

"ဆီးဂိမ်းက သူ့အတွက်အခွင့်အရေးကောင်းဖြစ်ခဲ့တာပါ၊ ဒေသတွင်းကစားသမားတွေအတွက် ပြည်ပထွက်ကစားဖို့ဆို ဒီလိုပြိုင်ပွဲတွေက အခွင့်အရေးပါပဲ၊ ဆီးဂိမ်းမှာ ပြသခဲ့တဲ့ခြေစွမ်းက ထရတ်ကို သူလွယ်လွယ်ကူကူနဲ့ ပြောင်းနိုင်ဖို့ဖြစ်ခဲ့တယ်ဆိုတာ အသေအချာပါပဲ" လို့ ကိုရဲနိုင်ဝင်းက ပြောပါတယ်။ နောက်ထပ်ထူးခြားမှုတစ်ခုကတော့ အောင်ကောင်းမာန်ကို တူရကီအေးဂျင့်တွေက လာရောက်စောင့်ကြည့်နေပြီး ချိတ်ဆက်မှုတွေလုပ်နေတယ်ဆိုပါပဲ။ ဒီသတင်းက ပြည်တွင်းဘောလုံးပရိသတ်တွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း သူ နောက်တဆင့်ကိုသွားချင်တယ်လို့ အတိအလင်းဖွင့်ဟထားပြီးတော့ ထရတ်မှာ တော်တော်လေးကြိုးစားနေတယ်လို့ သိရပါတယ်။ 

တူရကီအေးဂျင့်တွေက အောင်ကောင်းမာန်ရဲ့ ခြေစွမ်းကို သဘောကျပြီး သူ့ကစားပုံကို တောက်လျှောက်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ "တူရကီအေးဂျင့်က သူကိုယ်တိုင်ကကို လာပြီးတော့ ဆက်သွယ်တာ၊ အဲဒါကတော့ နည်းနည်းထူးခြားတယ်၊ သူက အောင်ကောင်းမာန်ဗီဒီယိုတွေ၊ ကစားပုံတွေကို သူတွေ့တယ်ပေါ့၊ စိတ်ဝင်စားတယ်၊ လက်ရွေးစင်အဆင့်ကစားသမားမျိုးကို သူတို့ရှာနေတာပေါ့၊ တူရကီအဆင့်အမြင့်ဆုံးလိဂ်တော့မဟုတ်ဘူးပေါ့၊ လိဂ် (၁)၊ လိဂ် (၂) ပေါ့၊ သူတို့ဘက်က စကမ်းလှမ်းခဲ့တာပါ၊ ကစားသမားကတော့ သူ သွားချင်တယ်ပြောတယ်၊ လောလောဆယ်တော့ အသင်းသုံးသင်းလောက်နဲ့ သူ့ရဲ့ Profile ကို မိတ်ဆက်ပေးထားမယ်ပြောတယ်" လို့ ကိုရဲနိုင်ဝင်းက ထပ်ပြောပါတယ်။ 

အောင်ကောင်းမာန်ကလည်း ဒီအကြောင်းကို Duwun Sports နဲ့ သီးသန့်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြပါတယ်။ "သွားမယ်ဆိုတာက သူတို့ဘက်ကဆက်သွယ်လာတော့ ကျွန်တော်က သွားချင်တယ်ပြောထားတယ်၊ အဆင့်မြင့်ဆုံးလိဂ်တော့ မဟုတ်ဘူးပေါ့၊ လိဂ် ၂လောက်ပေါ့၊ ဒါပေမယ် လောလောဆယ်တော့ ထရတ်အတွက်ကို ကျွန်တော်အာရုံစိုက်ကြိုးစားနေပါတယ်" လို့ မြန်မာတိုက်စစ်မှူးက ဆိုပါတယ်။ 

အောင်ကောင်းမာန်ရဲ့ ထရတ်မှာလက်ရှိကစားနေရတဲ့နေရာကို ကြည့်မယ်ဆိုရင် တိုက်စစ်မှူးနေရာမဟုတ်တာကို တွေ့ရမှာပါ။ နံပါတ် ၈ နေရာ၊ နံပါတ် ၁၀ လိုနေရာမျိုးမှာ သူကစားနေရတာပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲက သူ့ရဲ့ခြေစွမ်းကို သီးသန့်ထုတ်နုတ်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာကြည့်ရင် ပိုပြီးသိသာပါလိမ့်မယ်။ အောင်ကောင်းမာန်က အသင်းတိုက်စစ်ကစားသမားတွေကို ပံ့ပိုးပေးပြီး နေရာလွတ်တွေဆီ ဘောလုံးပို့ပေးဖို့၊ ချိတ်ဆက်ကစားဖို့ကို ပိုပြီးတော့ တာဝန်ယူနေရပါတယ်။ ဒါက သူ့အတွက် နေရာသစ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ပြည်တွင်းမှာဆိုရင် သူက တိုက်စစ်မှူးစစ်စစ်ပုံစံကစားရတဲ့ ပွဲတွေများခဲ့ပေမယ့် ထရတ်မှာတော့ သူ့နေရာက အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အဲဒီနေရာမှာလည်း သူ ကောင်းကောင်းကစားနိုင်တာက ကြိုးစားအားထုတ်မှုနဲ့ သူ့ရဲ့နေရာစုံကစားနိုင်တဲ့ အားသာချက်ကြောင့်လို့ ထင်မိပါတယ်။

"ဟုတ်တယ်ဗျ၊ အခု ကျွန်တော် အလယ်တန်းမှာ အကွက်ဆင်ပေးတဲ့နေရာကို ကစားရတယ်၊ နောက်ချန်တိုက်စစ်နေရာမှာ ကစားရတယ်၊ ကျွန်တော်ဘောလုံးလမ်းကြောင်းခင်းပေးတာတွေ၊ ဖန်တီးပေးတာတွေကို အသင်းက တော်တော်လေးသဘောကျနေတယ်လို့ ပြန်ကြားရတယ်၊ ကျွန်တော့်ပုံမှန်နေရာမဟုတ်တော့ အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့၊ ဒီတော့ ကျွန်တော် ဗီဒီယိုတွေပြန်ကြည့်ပြီး လေ့ကျင့်ရတယ်၊ အိုဇေးလ်ကစားတာကို ကျွန်တော် တော်တော်များများကြည့်ဖြစ်တယ်၊ ပြီးတော့ ဘရာဇီးလ်၊ ကိုရီးယား၊ ဖိလစ်ပိုင်တို့လို အသင်းဖော်တွေဆီကနေလည်း ကျွန်တော်ပြန်သင်တာပေါ့၊ ကိုရီးယားအသင်းဖော်ကတော့ ကျွန်တော့်ခြေစွမ်းကို သူ အရမ်းကြိုက်တယ်လို့ပြောတယ်" လို့ အောင်ကောင်းမာန်က ထပ်ပြောပါတယ်။ 

နောက်တစ်ခုကတေ့ အောင်ကောင်းမာန်ရဲ့ အားထုတ်မှုပါ။ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်နေတဲ့ သူ့ရဲ့ပုံရိပ်တွေကို အားလုံးလည်းမြင်တွေ့ရမှာပါ။ ဒါက လိဂ်အနေအထားနဲ့လည်း အနည်းငယ်တော့သက်ဆိုင်ပါတယ်။ ထိုင်းလိဂ်ကလပ်တွေက ကစားသမားတွေကို ကြံ့ခိုင်မှုအပိုင်းအတွက် နည်းပေးလမ်းပြလုပ်ပေးရုံလောက်သာ ရှိပြီးတော့ ကိုယ်တိုင်အားထုတ်ခိုင်းတာပါ။ COVID-19 ကာလမှာ ဒီအချက်က တော်တော်လေးအခရာကျခဲ့ပါတယ်။ ဘောလုံးပွဲတွေမရှိချိန်မှာ လေ့ကျင့်မှုမပြတ်စေဖို့အတွက် ညွှန်ကြားမှုတွေပေးခဲ့ပြီးတော့ သတ်မှတ်အချိန်အတိုင်းလုပ်ရတယ်ဆိုပါတယ်။ အောင်ကောင်းမာန်ကတော့ "ကျွန်တော်တို့ဆီမှာနဲ့တော့ ကွာတာပေါ့၊ ပွဲကစားချိန်ကအစ ကွဲပြားတယ်၊ ပြီးတော့ သူတို့က ဘောလုံးကို ဖမ်းတယ်၊ ပေးတယ်၊ နေရာယူတယ်ဆိုတဲ့ ပုံစံကို အသင်းတိုင်းလိုလိုက စနစ်တကျကစားနေတာပါ၊ ကြံ့ခိုင်မှုအပိုင်းကို အလေးမပေးတာမျိုးတော့မဟုတ်ဘူး၊ ဒါပေမယ့် ကစားသမားတွေက ကိုယ်ပိုင်လေ့ကျင့်ခန်းမျိုးနဲ့ လုပ်နေရတာပါ" လို့ ဆိုပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ သူ့အတွက်လမ်းကြောင်းတစ်ခုက ရှိနေခဲ့တာတော့ သေချာနေခဲ့ပါပြီ။ ပုသိမ်အကယ်ဒမီမှသည် သက်တမ်းအလိုက်လူငယ်အသင်းတွေမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားက ဥရောပအထိခြေဆန့်ဖို့ မျှော်လင့်နေခဲ့ပါပြီ။ မဆုတ်မနစ်ကြိုးစားမှုတွေရဲ့ နောက်ကွယ်မှာ "ကြိုးစားရင် ကြိုးစားသလောက် ရနိုင်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ ကျွန်တော်ကြိုးစားနေပါတယ်၊ ပရိသတ်တွေအားပေးရကျိုးနပ်အောင်လည်း ကျွန်တော် အစွမ်းကုန်အားထုတ်နေပါတယ်" လို့ ထရတ်အက်ဖ်စီရဲ့ ကစားသမားက Duwun Sports ကတဆင့် ပြောပြသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က