နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဆွေးနွေးမှုမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ပုသိမ်ဘောလုံးကွင်းကို အစိုးရက ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပြီး ပုသိမ်အကယ်ဒမီကိုလည်း ဖျက်သိမ်းရဖို့ ရှိနေတယ်လို့ ဦးဇော်ဇော်က ပြောခဲ့ပါတယ်။


မြန်မာဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ ပုသိမ်ဘောလုံးအကယ်ဒမီကို ပိတ်သိမ်းရဖို့ ရှိနေတယ်လို့ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ကိုဗစ်ကာလအတွင်း ဘောလုံးပွဲများပြန်လည်ကျင်းပနိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးမှုမှာ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌဦးဇော်ဇော်က ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံတော်အတို်င်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး အခြားသောအကြောင်းအရာများနဲ့အတူ ဘောလုံးအကယ်ဒမီတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို တင်ပြခဲ့တာလည်းဖြစ်ပါတယ်။ ပုသိမ်ဘောလုံးကွင်းကို အစိုးရက ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပြီး ပုသိမ်အကယ်ဒမီကိုလည်း ဖျက်သိမ်းရဖို့ ရှိနေတယ်လို့ ဦးဇော်ဇော်က ပြောခဲ့ပါတယ်။


"အကယ်ဒမီတွေနဲ့ပတ်သက်ပြီးတော့ပေါ့၊ ကျွန်တော်တို့အနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်တို့မှာ အကယ်ဒမီ (၃)ခု ဖွင့်ထားပါတယ်၊ အခု ပုသိမ်အကယ်ဒမီက ပိတ်ရမယ့်အဆင့်ဖြစ်သွားပြီ၊ ဘာလို့လဲဆိုတော့ ပုသိမ်ဘောလုံးကွင်း မရှိတော့တဲ့အတွက်၊ ပြန်အပ်ရမယ်ဆိုတော့ ရန်ကုန်ကိုပြန်ပေါင်းမလား၊ မန္တလေးကိုရွှေ့ရမလားဖြစ်နေပါတယ်" လို့ ဦးဇော်ဇော်က ပြောဆိုခဲ့ပါတယ်။ 

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ကိုတော့ ၂၀၁၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မန္တလေးအကယ်ဒမီကိုတော့ ၂၀၁၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။ အဆိုပါ ဘောလုံးအကယ်ဒမီနှစ်ခုစလုံးကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ Goal Project အရ ထောက်ပံ့မှုနဲ့ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပြီး ပုသိမ်အကယ်ဒမီကတော့ အစိုးရလက်အောက်မှာ ရှိနေကာ အာရှဘောလုံးအဖွဲ့ချုပ်၊ ဧရာဝတီဖောင်ဒေးရှင်းတို့ရဲ့ ထောက်ပံ့ပေးမှုနဲ့ အကယ်ဒမီအဖြစ် ဖွင့်လှစ်ထားတယ်လို့ သိရှိရပါတယ်။ 


လက်ရှိမှာတော့ အဆိုပါဘောလုံးအကယ်ဒမီတွေကတဆင့် အောင်သူ၊ ကျော်မင်းဦး၊ ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်း၊ အောင်ဝဏ္ဏစိုး၊ ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ မြတ်ကောင်းခန့်၊ အောင်ကောင်းမာန်တို့လို ကစားသမားတွေပေါ်ထွက်ခဲ့ပြီး သက်တမ်းအလိုက်လူငယ်အသင်းတွေနဲ့ လက်ရွေးစင်အသင်းကြီးမှာ ပါဝင်ကစားခွင့်ရရှိနေကြပြီဖြစ်ပါတယ်။ 


Author


က္က