၂ ပွဲဆက်တိုက် ပယ်နယ်တီသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပါ။
Pyae Phyo Thein

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၃ အဖြစ် ဒီနေ့ညနေပိုင်းမှာ ဆောက်သမ်းမြန်မာ နဲ့ ဟံသာဝတီတို့ YUSC ကွင်းမှာ ကစားခဲ့ကြပါတယ်။ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ဟံသာဝတီဟာ ဇယားအောက်ဆုံးက ဆောက်သမ်းမြန်မာရဲ့ ခံကန်အားကြောင့် တော်တော်လေးရုန်းကန်ခဲ့ရပြီး ဂိုးရဖို့အတွက် အခက်တွေ့့နေခဲ့ရပါတယ်။ 

ပထမပိုင်းမှာ ဟံသာဝတီက ကစားကွက်အရအသာစီးရရှိခဲ့ပေမယ့် တိုက်စစ်ပိုင်းက အခွင့်အရေးဖန်တီးပေးနိုင်မှု နည်းပါးခဲ့ပါတယ်။ ဂိုးအများဆုံးသွင်းယူထားတဲ့ အီမီကာဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သလို အဓိကကစားသမားဟိန်းထက်အောင်က ပုံစံကောင်းပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲစဉ်တွေကလောက်တော့ ခြေစွမ်းမရမပြနိုင်ခဲ့ဘဲ ဟံသာဝတီတိုက်စစ်ပိုင်း အားနည်းခဲ့တာလည်းဖြစ်ပါတယ်။ 


ဆောက်သမ်းကတော့ တန်ပြန်တိုက်စစ်တွေကို အားပြုကစားခဲ့ပြီး ဟံသာဝတီတိုက်စစ်ကို အကောင်းဆုံးဟန့်တားခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးဧရိယာအတွင်း ဟံသာဝတီဘက်က အနီးကပ်ပိတ်သွင်းမှုကို ဆောက်သမ်းဂိုးသမားကာကွယ်နိုင်ခဲ့လို့ နစ်နာခဲ့ရသလို ဆောက်သမ်းရဲ့ အလွတ်တည်ကန်သွင်းချက် လမ်းကြောင်းပြောင်းကာ ဂိုးဝင်မလိုဖြစ်ခဲ့ပေမယ့် တိုင်ထိခဲ့ပြီး ဂိုးသမားကိုကိုနိုင်ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဟံသာဝတီက တိုက်စစ်ပိုမြှင့်ကစားခဲ့ပြီး ဖိအားပေးခဲ့ပါတယ်။ ဆောက်သမ်းဘက်က အပိုင်အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ရာမှာ ဂိုးတိုင်ထိခဲ့လို့ နစ်နာခဲ့ရပြန်ပါတယ်။ ဟံသာဝတီအနေနဲ့ ကစားကွက်အရအသာစီးရခဲ့ပေမယ့် ဖန်တီးနိုင်မှုအားနည်းခဲ့လို့ ဂိုးမရဘဲဖြစ်နေခဲ့ပါတယ်။ ရွှေလှိုင်ဝင်းရဲ့ ဧရိယာအတွင်းက အပိုင်ပိတ်သွင်းမှု တိုင်ထိထွက်ခဲ့လို့ ဟံသာဝတီနစ်နာခဲ့ရပေမယ့် ၇၅ မိနစ်မှာတော့ ဟိန်းထက်အောင်ကြောင့် ဟံသာဝတီတို့ ပယ်နယ်တီရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီကိုတော့ ဒေါ်နယ်ဘစ်ဆာက အပိုင်ကန်သွင်းယူခဲ့ပြီး ဟံသာဝတီတို့ တစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆောက်သမ်းကတော့ ကောင်းစည်သူကို ထည့်သွင်းအသုံးပြုခဲ့ပြီး ဂိုးရဖို့ အားထုတ်လာခဲ့ပါတယ်။ ဂိုးရခဲ့ပြီးနောက်မှာ ဟံသာဝတီကစားပုံ အနည်းငယ်အားလျော့ခဲ့ပြီး အချိတ်အဆက်တွေပါ လွဲချော်ခဲ့ပါတယ်။ ဆောက်သမ်းအနေနဲ့လည်း ဟံသာဝတီခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ရရှိတဲ့အခွင့်အရေးကိုလည်း ကောင်းစည်သူ ခေါင်းတိုက်ခဲ့ပေမယ့် လွဲချော်ခဲ့ရပါတယ်။ 

ပွဲအပြီးမှာတော့ ဟံသာဝတီတို့ ပယ်နယ်တီသွင်းဂိုး တစ်ဂိုးတည်းနဲ့ နိုင်ပွဲဆက်ခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်။ ဒုတိယနေရာက ဧရာဝတီကလည်း နိုင်ပွဲရခဲ့လို့ ၃ မှတ်ကွာဟနေမြဲအတိုင်းဖြစ်နေခဲ့ကာ ချန်ပီယံဆုအတွက်အပြိုင်ဖြစ်နေဆဲပါ။ 


Author


က္က