AFC က ရွေးချယ်ခဲ့တဲ့ ကစားသမား ၆ဦးထဲမှာ ပါဝင်ခဲ့တာပါ။
Pyae Phyo Thein

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးသန်းပိုင်ဟာ AFC Cup ပြိုင်ပွဲရဲ့ အာဆီယံဇုန်အသင်းတွေထဲက စောင့်ကြည့်ရမယ့်ကစားသမား (၆) ဦးစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ AFC ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ရွေးချယ်ဖော်ပြခဲ့တာဖြစ်ပြီး အခုလိုမျိုး ပါဝင်လာခဲ့လို့ သူ့အတွက်တာဝန်ပိုကြီးသွားခဲ့ပြီလို့ သန်းပိုင်က Duwun Sports ကို ပြောကြားသွားခဲ့ပါတယ်။ 

AFC က ရွေးချယ်ခဲ့တဲ့ ကစားသမားတွေကတော့ ဟိုချီမင်းစီးတီးက ငုယင်ကောင်ဖောင်၊ ဘာလီယူနိုက်တက်က အီလီဂျာစပါဆိုဂျီဗစ်၊ ဆီးရက်စ်အသင်းက စတီဖင်ရှရော့ခ်၊ PKR အသင်းက ဘက်ဖိုလိုအမ်ဘာဂါ၊ ဟောင်ဂန်ယူနိုက်တက်က ပလာဇီဘက်နဲ့ သန်းပိုင်တို့ဖြစ်ကြပြီး တစ်ဦးချင်းစီကို ဘာလို့ရွေးချယ်ခဲ့ရလဲဆိုတာကို AFC က ရေးသားဖော်ပြခဲ့ပါတယ်။

သန်းပိုင်ကတော့ ဒီရာသီအစမှာ ခြေစွမ်းကောင်းပြသနေပြီး ရန်ကုန်ယူနိုက်တက်အတွက် လိဂ်ဂိုးတစ်ဂိုး နဲ့ AFC Play off အဆင့်မှာ ဘရူနိုင်းကလပ်အင်ဒရာကို နှစ်ကျော့ပေါင်း ၃ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တယ်လို့ AFC က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လက်ရွေးစင်အသင်းအတွက် အသက် ၂၃နှစ်အရွယ် ကစားသမားက အားထားရမယ့်အလားအလာတွေရှိလို့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့ပါတယ်။ 

Duwun Sports က သန်းပိုင်ကို အခုလိုရွေးချယ်ခံရမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ "ဒီလိုပါဝင်လာမယ်လို့ မမျှော်လင့်ခဲ့ပါဘူး၊ ပွဲထွက်ခွင့်ရချိန်မှာ ကြိုးစားခဲ့တာပါ၊ ဒီအတွက်လည်း ယုံကြည်မှုပိုရှိလာပြီး ပိုကြိုးစားရမယ်လို့ ခံစားမိပါတယ်၊ ဒီလိုအဆင့်မှာ အများကြီးကျွန်တော်ကြိုးစားရဦးမှာပါ၊ ပွဲထွက်ခွင့်မရသေးလို့ ပွဲထွက်ခွင့်ရအောင်လည်း ကြိုးစားသွားမှာပါ"


"ပါဝင်ခွင့်ရတဲ့အချိန်မှာ အကောင်းဆုံးကစားနိုင်ဖို့ကို အာရုံစိုက်ထားပါတယ်၊ အကောင်းဆုံးခြေစွမ်းရနေပြီဆိုရင် ဒီကစားသမားကို အရန်ခုံမှာ ထိုင်ခိုင်းမှာမဟုတ်ပါဘူး၊ ကြံ့ခိုင်မှုပိုကောငး်လာဖို့နဲ့ ကျွန်တော့်ခြေစွမ်းကို ပိုကောင်းမွန်အောင်လုပ်ဖို့ တာဝန်ရှိလာပါပြီ" လို့ ပြောဆိုခဲ့ပါတယ်။ သန်းပိုင်ကတော့ ရန်ကုန်ယူနိုက်တက်အသင်းမှာ နိုင်ငံခြားသားတိုက်စစ်မှူးတွေဖြစ်တဲ့ အီမန်နူရယ်၊ ဘာဖိုတို့နဲ့အပြိုင် နေရာရဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က