Albirex Niigata FC အသင်းဟာ စင်ကာပူအမှတ်ပေးချန်ပီယံ သုံးကြိမ်ဆက်ဖြစ်ထားတဲ့အသင်းပါ။
Ye Yint Htay

စင်ကာပူပရီးမီးယားလိဂ်ချန်ပီယံ  Albirex Niigata FC အသင်းဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး မြန်မာ့လက်ရွေးစင်ယူ-၁၉၊ ယူ-၂၂အသင်းတွေနဲ့ရန်ကုန်မြို့မှာခြေစမ်းပွဲနှစ်ပွဲကစားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေသတွင်းပြိုင်ပွဲနဲ့ အာရှပြိုင်ပွဲတွေအတွက်ပြင်ဆင်လေ့ကျင့်နေတဲ့ မြန်မာယူ-၂၂လက်ရွေးစင်ဘောလုံးအသင်းနဲ့ မြန်မာယူ-၁၉လက်ရွေးစင်ဘောလုံးအသင်းတို့ဟာ မတ်လအတွင်းမှာ နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲကစားဖို့ရှိနေပါတယ်။ မြန်မာလူငယ်လက်ရွေးစင်အသင်းတွေနဲ့ခြေစမ်းကစားမယ့် အသင်းက လက်ရှိစင်ကာပူပရီးမီးယားလိဂ်ချန်ပီယံ Albirex Niigata FC အသင်းပါ။ Albirex Niigata FC အသင်းဟာ မတ်လအတွင်းမှာ မြန်မာနိုင်ငံကိုလာရောက်ပြီး မတ်လ၇ရက်မှာ မြန်မာယူ-၁၉၊ မတ်လ ၉ရက်မှာ မြန်မာယူ-၂၂အသင်းတွေနဲ့ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ခြေစမ်းကစားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။



မြန်မာယူ-၁၉အသင်းဟာ ၂၀၁၉ခုနှစ်အတွင်းမှာ အာဆီယံယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့အသင်းဖြစ်ပြီး နည်းပြချုပ်အဖြစ် ဦစိုးမြတ်မင်းတာဝန်ယူကိုင်တွယ်နေတာပါ။ မြန်မာယူ-၂၂အသင်းကတော့ အာဆီယံယူ-၂၂ချန်ပီယံရှစ်၊ အာရှယူ-၂၃ခြေစစ်ပွဲ၊ ဆီးဂိမ်းအစရှိတဲ့ပြိုင်ပွဲတွေဝင်ပြိုင်ဖို့ရှိနေပြီး နည်းပြချုပ်အဖြစ် ဘူဂေးရီးယားလူမျိုးနည်းပြ ဗီလီဇာပိုပေါ့က တာဝန်ယူကိုင်တွယ်နေပါတယ်။ Albirex Niigata FC အသင်းဟာ မတ်လ ၆ရက်မှာ ရန်ကုန်မြို့ကိုရောက်ရှိမယ်လို့ အဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

Albirex Niigata FC အသင်းဟာ ဂျပန်ကလပ်အသင်းတစ်သင်းဖြစ်ပြီး ၂၀၀၄ခုနှစ်ကတည်းက စင်ကာပူလိဂ်မှာ ဝင်ရောက်ကစားနေတာပါ။ အသင်းမှာ စင်ကာပူကစားသမား လေးဦးပါဝင်ပြီး ဂျပန်ကစားသမားတွေနဲ့ဖွဲ့စည်းထားပါတယ်။ စင်ကာပူအမှတ်ပေးချန်ပီယံဆုကို ၂၀၁၆၊၂၀၁၇၊၂၀၁၈ သုံးကြိမ်ဆက်ချန်ပီယံဖြစ်ထားတဲ့အသင်းဖြစ်ပြီး လိဂ်ဖလားလေးကြိမ်၊ ရှုံးထွက်ဖလားလေးကြိမ်ရရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က