စစ်ကိုင်းရဲ့ ခြေစွမ်းကြောင့် ရှမ်း အခက်တွေ့ခဲ့ရပါတယ်။
Pyae Phyo Thein

ရှမ်းအနေနဲ့ ခက်ခက်ခဲခဲကစားခဲ့ရပြီးမှ အနိုင်ရရှိခဲ့တာဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်ကတော့ အသင်းကြီးတွေကို အန္တရာယ်ပေးနိုင်တဲ့ ခြေစွမ်းကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၂)မှာ ဟံသာဝတီကို အရေးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန်ပျက်ပြယ်ခဲ့ရတဲ့ ရှမ်းယူနိုက်တက်အသင်းဟာ မုံရွာမှာကစားခဲ့တဲ့ ပွဲစဉ် (၃)မှာတော့ စစ်ကိုင်းကိုအနိုင်ယူပြီး ရှုံးပွဲကနေ ပြန်လည်ရုန်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ရှမ်းအနေနဲ့ ခက်ခက်ခဲခဲကစားခဲ့ရပြီးမှ အနိုင်ရရှိခဲ့တာဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်ကတော့ အသင်းကြီးတွေကို အန္တရာယ်ပေးနိုင်တဲ့ ခြေစွမ်းကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။ 


စစ်ကိုင်းအသင်းအနေနဲ့ ရှမ်းကို ဦးဆောင်ကစားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အနိုင်ရလောက်တဲ့ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ စစ်ကိုင်းက ကစားကွက်ကောင်းကောင်းနဲ့ ရှမ်းကို ဖိအားပေးနိုင်ခဲ့ပြီး သီဟစည်သူကို တော်တော်လေးအလုပ်များစေခဲ့တဲ့အထိ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းနိုင်ဖို့တော့ ခက်ခဲနေခဲ့ပြီး ပထမပိုင်းကတော့ ဂိုးမရှိသရေသာဖြစ်ခဲ့ပါတယ်။ 


ဒုတိယပိုင်းမှာလည်း စစ်ကိုင်းက ပုံစံကောင်းဆက်ပြနေခဲ့ပြီး ၆၁ မိနစ်မှာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးအီဒူဘတ်က ထောင့်ကျဉ်းအနေအထားကနေ သီဟစည်သူမကာကွယ်နိုင်အောင် အပြင်းကန်သွင်းယူခဲ့ပြီး အဖွင့်ဂိုးရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးက ရှမ်းယူနိုက်တက်ကို ဖိအားဝင်သွားစေခဲ့ပြီး တိုက်စစ်ကို မြှင့်ကစားစေဖို့ဖြစ်ခဲ့ပြီး ပွဲက အကြိတ်အနယ်ရှိသွားခဲ့ပါတယ်။


ရှမ်းအသင်းရဲ့ ဖိအားပေးမှုကို စစ်ကိုင်းအသင်း ရေရှည်မှာ မတောင့်ခံနို်င်တော့ဘဲ ဂိုးတွေဆက်တိုက်ပေးခဲ့ရပါတယ်။ ရှမ်းအတွက် ချေပဂိုးကိုတော့ ဘယ်ခြမ်းကနေ တိုက်စစ်ဆင်ခဲ့ရာက ဆက်ဖြိုးဝေက ဧရိယာအတွင်းမှာ ဘယ်ခြေနဲ့ အနီးကပ်ပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို ရှမ်းအသင်း အနိုင်ဂိုးရဖို့ တိုက်စစ်ကို မြှင့်ကစားခဲ့ကာ ရန်နိုင်ဦးက ဧရိယာထိပ်ကနေ လှလှပပကန်သွင်းကာ ဦးဆောင်ဂိုးသွင်းယူူပေးခဲ့ပါတယ်။


စစ်ကိုင်းအတွက်တော့ ထင်မှတ်မထားဘဲ အချိန်တိုအတွင်းမှာ ဂိုးတွေပေးခဲ့ရတာဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ စစ်ကိုင်းက ချေပဂိုးရဖို့ အားထုတ်ရုန်းကန်ကစားခဲ့ပေမယ့် ရှမ်းက ပွဲကို ထိန်းချုပ်ကစားသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပွဲအပြီးမှာ ရှမ်းယူနိုက်တက်အသင်း ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး နိုင်ပွဲပြန်ရခဲ့ကာ စစ်ကိုင်းယူနိုက်တက်ကတော့ ဒီရာသီရဲ့ ပထမဆုံးရှုံးပွဲကို အိမ်ကွင်းမှာပဲ ရင်ဆိုင်သွားခဲ့ရပါတယ်။ 


Author


က္က