ရန်ကုန်တို့ အစဉ်အလာပြိုင်ဘက်ကို အနိုင်ရရှိခဲ့တာပါ။
Pyae Phyo Thein

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၂) ရဲ့ အကောင်းဆုံးပွဲတစ်ပွဲလို့ သတ်မှတ်ရမယ့် ရန်ကုန်ယူနိုက်တက် နဲ့ ရတနာပုံတို့ရဲ့ ပွဲစဉ်ကတော့ ပွဲကြီးပွဲကောင်းမဟုတ်ခဲ့ပေမယ့်လည်း အကြိတ်အနယ်ယှဉ်ပြိုင်မှုကြောင့် ကြည့်ကောင်းခဲ့ပါတယ်။ အစဉ်အလာအရ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေခဲ့ကြတဲ့ အသင်းနှစ်သင်းက ဒီနေ့မှာတော့ ဆုဖလားအတွက်မဟုတ်ခဲ့ပေမယ့် ဂုဏ်သိက္ခာအရတော့ အကောင်းဆုံးကစားခဲ့ကြပါတယ်။


မြန်မာဒါဘီလို့ ညွှန်းဆိုရတဲ့ ပွဲစဉ်ဖြစ်ပြီး ဒီနှစ်သင်းရင်ဆိုင်ရတိုင်းမှာ အကြိတ်အနယ်ရှိမှု၊ အငြင်းပွားစရာတွေရှိခဲ့မှုတို့ကြောင့် ပရိသတ်တွေစိတ်ဝင်စားခဲ့ကြတဲ့ပွဲပါ။ ပွဲအစပိုင်းမှာ နှစ်သင်းစလုံးက တစ်သင်းနဲ့တစ်သင်းရှိနေပြီး ထိန်းကစားခဲ့ကြပါတယ်။ ပွဲချိန်နည်းနည်း ရလာချိန်မှာ ရန်ကုန်က ကစားကွက်ပိုကောင်းပြီး တိုက်စစ်ပိုင်းက အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ကာ ရတနာပုံကို ဖိအားပေးခဲ့ပါတယ်။

အပိုင်အခွင့်အရေးတချို့ကို ရန်ကုန်အသင်းလက်လွှတ်ခဲ့ရပေမယ့် ၁၅ မိနစ်မှာတော့ မောင်မောင်ဝင်းရဲ့ ပါးနပ်တဲ့ ပေးပို့မှုကနေ ကောင်းထက်စိုးက ရတနာပုံဂိုးသမားပြည့်လျှံအောင်ကိုပါ လိမ်ခေါက်ပြီးတော့ ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဒီနောက်မှာလည်း ရန်ကုန်ကပဲ အခွင့်အရေးတွေ ဖန်တီးနို်င်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပြီး ပယ်နယ်တီရသင့်တဲ့ အခွင့်အရေးကလည်း ကွင်းလယ်ဒိုင်ငြင်းဆန်မှုကြောင့် မရခဲ့ဘဲရှိခဲ့ပါတယ်။


ရတနာပုံကတော့ ပထမပိုင်းတစ်ပိုင်းလုံးမှာ ဂိုးကန်သွင်းခွင့်အနည်းငယ်သာရရှိခဲ့ပြီး သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေးနှစ်ကြိမ်ကိုလည်း ကျော်ဇင်ထက် လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာတော့ ရန်ကုန်က ၁-၀ နဲ့ ပွဲကိုဦးဆောင်နေခဲ့ပြီး ခြေစွမ်းပိုင်းအရလည်း အသာစီးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ရန်ကုန်ကပဲ ဂိုးသွင်းခွင့်စရခဲ့ပြီး မိနစ် ၅၀ မှာ ဧရိယာအတွင်းကနေ အောင်ကျော်နိုင်အပိုင်ကန်သွင်းခွင့်ရခဲ့ရာမှာ ဂိုးတိုင်ဘေးကကပ်ထွက်လို့ ရန်ကုန်တို့ ထပ်မံနစ်နာခဲ့ရပါတယ်။ ရတနာပုံက အချိ်တ်အဆက်မိမိနဲ့ ကစားပြီး ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ရန်ကုန်ခံစစ်ပိုင်းက ကျစ်ကျစ်လစ်လစ်နဲ့ ဟန့်တားနိုင်ခဲ့လို့ ဂိုးရဖို့ခက်နေခဲ့ပါတယ်။

မိနစ် ၆၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ ရန်ကုန်အသင်းဒုတိယဂိုးထပ်ရခဲ့ပြီး ဘာဖိုက မင်းကျော်ခန့်ရဲ့ ဖြတ်ပို့ပေးမှုကနေ အနီးကပ်ပိတ်သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ် ၂ပွဲမှာ ဂိုးမြူးခဲ့တဲ့ ရတနာပုံတိုက်စစ်ကတော့ ရန်ကုန်နဲ့အတွေ့မှာ တော်တော်လေးရုန်းကန်ခဲ့ရပြီး အောင်သူ၊ ဝင်းနိုင်စိုးတို့ တိုက်စစ်အတွဲအဖက်က တစ်ပွဲလုံးရုန်းကန်ခဲ့ရပါတယ်။ 

၇၇ မိနစ်မှာ ရတနာပုံတို့ချေပဂိုးပြန်ရခဲ့ပြီး အလွတ်တည်ကန်ဘောကတဆင့် လှိုင်းဘိုဘိုရဲ့ ကန်သွင်းချက်က ရန်ကုန်နောက်ခံလူနဲ့ထိကာ လမ်းကြောင်းပြောင်းခဲ့ပြီး ရန်ကုန်တို့ ချေပဂိုးတစ်ဂိုးပြန်ပေးခဲ့ရပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ရတနာပုံဖိကစားခဲ့ရာမှာ အောင်သူရဲ့ ဘယ်ခြေကန်သွင်းချက်ကို ကျော်ဇင်ထက် ကာကွယ်ခဲ့ရပါတယ်။ 

ရတနာပုံဖိအားပေးဖို့ ကြိုးစားနေရင်းနဲ့ပဲ ၈၅ မိနစ်မှာ မောင်မောင်လွင်ရဲ့ အလွတ်တည်ကန်သွင်းမှုကနေ နောက်ခံလူအဘူဘာကာက ခေါင်းတိုက်သွင်းယူခဲ့ပြီး ရန်ကုန်ကို နိုင်ပွဲရဖို့ သေချာသွားစေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ရန်ကုန်က ၃-၁ နဲ့ အနိုင်ယူကာ နည်းပြသစ် ဦးမင်းထွန်းလင်းအတွက် ပွဲဦးထွက်ကတော့ မျက်နှာပန်းလှခဲ့ပြီဖြစ်ပါတယ်။ 



Author


က္က