ကမ္ဘာ့အဆင့်အမြင့်ဆုံးအဖြစ် ၉၇မှာရပ်တည်ခဲ့ဖူးပြီး အနိမ့်ဆုံးအဖြစ် ၁၉၁မှာရပ်တည်ခဲ့ဖူးပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်တဲ့ ဇွန်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ အဆင့် ၂ဆင့်မြင့်တက်ခဲ့ပြီး အာဆီယံအဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဖီဖာနိုင်ငံတကာခြေစမ်းပွဲမှာ စင်ကာပူလက်ရွေးစင်အသင်းကို အနိုင်ရပြီးနောက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂ဆင့်မြင့်တက်လာခဲ့ပါတယ်။ မြန်မာအသင်းဟာ မေလအတွင်းက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၁၄၀ မှာရပ်တည်ခဲ့ပြီး ဇွန်လမှာတော့ အဆင့် ၁၃၈ဖြစ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဇွန်လ ၁၁ရက်က နည်းပြသစ် မီရိုဒရပ်ရာဒူလိုဗစ် လက်ထက်ပထမဆုံးနိုင်ငံတကာပွဲအဖြစ် စင်ကာပူအသင်းနဲ့ခြေစမ်းခဲ့ရာမှာ ၂-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။



ဇွန်လအတွက်ထုတ်ပြန်ခဲ့တဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အာဆီယံအသင်းတွေဖြစ်တဲ့ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတွေအဆင့်တက်ခဲ့ပြီး ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ လာအို၊ တီမောအသင်းတွေအဆင့်ကျခဲ့တာတွေ့ရပါတယ်။ မြန်မာကိုရှုံးခဲ့တဲ့ စင်ကာပူက ၂ဆင့်ကျခဲ့ပြီး ထိုင်းဘုရင့်ဖလားမှာ ၂ပွဲစလုံးရှုံးခဲ့တဲ့ ထိုင်းကလည်း ၂ဆင့်ကျခဲ့ပါတယ်။ ဇွန်လအတွက်ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေအရ အာဆီယံမှာ ဗီယက်နမ်က ကမ္ဘာ့အဆင့် ၉၆နဲ့ အဆင့်(၁)၊ ထိုင်းက ကမ္ဘာ့အဆင့် ၁၁၆နဲ့ အဆင့်(၂)၊ ဖိလစ်ပိုင်က ကမ္ဘာ့အဆင့် ၁၂၆နဲ့ အဆင့်(၃)၊ မြန်မာက ကမ္ဘာ့အဆင့် ၁၃၈နဲ့ အဆင့်(၄) နေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ၂၀၁၈ဆူဇူကီးဖလားပြိုင်ပွဲအပြီးမှာ ဂျာမနီလူမျိုးနည်းပြ အန်တွန်နီဟေးလ်နဲ့လမ်းခွဲခဲ့ပြီးနောက် မွန်တီနီဂရိုးနည်းပြ ရာဒူလိုဗစ်ကိုအစားထိုးခန့်အပ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ သမိုင်းတလျှောက် ကမ္ဘာ့အဆင့်အမြင့်ဆုံးအဖြစ် ၉၇မှာရပ်တည်ခဲ့ဖူးပြီး အနိမ့်ဆုံးအဖြစ် ၁၉၁မှာရပ်တည်ခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က