နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သဘောတူညီချက်ရရှိခဲ့တာပါ။
Pyae Phyo Thein

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေပြန်လည်စတင်ဖို့ နဲ့ လက်ရွေးစင်အသင်းတွေရဲ့ လေ့ကျင့်မှုအစီအစဉ်တွေ ဇူလိုင်လကုန်ပိုင်းမှာ ပြန်လည်စတင်ဖို့အတွက် ဒီနေ့မှာ ကနဦးသဘောတူညီမှုရရှိသွားခဲ့ပြီလို့ သိရပါတယ်။ 


နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန ဝန်ကြီးဒေါက်တာမြင့်ထွေးအပါအဝင် အခြားတာဝန်ရှိသူတွေနဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်နဲ့ အခြားတာဝန်ရှိသူတွေ ဆွေးနွေးခဲ့အပြီးမှာ ကနဦးသဘောတူညီမှုရရှိခဲ့တာလို့ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ 

ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြန်လည်စတင်ဖို့အတွက် မြန်မာနေရှင်နယ်လိဂ်ဘက်က တင်ပြထားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဇူလိုင်လကုန်ပိုင်းမှသာ ကျင်းပဖို့အတွက် ကနဦးသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ကျင်းပဖို့အတွက် စီစဉ်ထားမှုတွေကို ဘောလုံးအဖွဲ့ချုပ်ဘက်က ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ 

မူလသတ်မှတ်ထားတဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ရင်တောင်မှ တတ်နိုင်သမျှအစောဆုံးပြန်လည်ကျင်းပဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ထပ်မံတင်ပြခဲ့တာဖြစ်ပါတယ်။ ဒီအတွက် လာမယ့်ရက်ပိုင်းအတွင်းမှာ ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့က နေရှင်နယ်လိဂ်ပွဲစဉ်တွေပြန်လည်ကျင်းပဖို့ ပြင်ဆင်စီစဉ်ထားမှုတွေကို လာရောက်စစ်ဆေးမယ်လို့လည်း သတင်းထုတ်ပြန်ချက်ထဲမှာ ပါဝင်ခဲ့ပါတယ်။

ဒီလိုစစ်ဆေးရာမှာ ပြိုင်ပွဲကျင်းပမယ့်ကွင်းတွေနဲ့ ကလပ်အသင်းတချို့ရဲ့ အခြေအနေတွေကို စစ်ဆေးသွားမှာဖြစ်ပြီး လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီပြည့်စုံပါက ကျင်းပခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ တရားဝင်ခွင့်ပြုချက်ရရှိခဲ့ချိန်မှတော့ ပြိုင်ပွဲကျင်းပမယ့်နေ့ရက် နဲ့ ပွဲစဉ်ဇယားအသေးစိတ်ကို အတည်ပြုထုတ်ပြန်ပေးသွားမယ်လို့လည်း မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားရှိပါတယ်။ 


Author


က္က