ချန်ပီယံ ဒေ့ဗ်က ရိုးရာလက်ဝှေ့မှာ မြန်မာနိုင်ငံသားတွေသာအမြဲနေရတဲ့ အနီထောင့်ကနေထိုးခွင့်ရခဲ့ပြီး မြန်မာပြည်ကိုယ်စားပြုခွင့်ရခဲ့တာပါ။

ဒီနေ့နေ့လည်မှာ ကျင်းပခဲ့တဲ့ Air KBZ Gran Final ရိုးရာလက်ဝှေ့ရွှေခါးပတ်စိန်ခေါ်ပွဲမှာ စိန်ခေါ်သူ ထွန်းထွန်းမင်းက လက်ရှိရွှေခါးပတ်ချန်ပီယံ ဒေ့ဗ်ကို အနိုင်မထိုးနိုင်ပဲ သရေနဲ့သာပြီးဆုံးခဲ့ပါတယ်။ သရေရလဒ် ကြောင့် ဒေ့ဗ်အနေနဲ့လည်း ရွှေခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ရိုးရာလက်ဝှေ့အလွတ်တန်းရွှေခါးပတ်ချန်ပီယံ ဒေ့ဗ်နဲ့ စိန်ခေါ်သူ ထွန်းထွန်းမင်းတို့ပွဲစဉ်ကတော့ အနိုင်၊အရှုံးမပေါ်ပဲ သရေရလဒ်နဲ့သာပြီးဆုံးခဲ့ပါတယ်။ ဒီပွဲစဉ်မှာ လက်ဝှေ့သမားနှစ်ဦးစလုံး အကြိတ်အနယ် ထိုးသတ်ခဲ့ကြပေမယ့် ပညာပိုင်းအရကွာခြားမှုသိပ်မရှိတာကြောင့် သရေနဲ့ပြီးခဲ့ရတာပါ။ ပွဲစဉ်ရဲ့ပထမအချီတွေမှာတော့ ဒေ့ဗ်က ပိုမိုဖိအားပေးပြီး ခြေကန်ချက်တွေ၊ ထိုးချက်တွေနဲ့ တိုက်ခိုက်နိုင်ခဲ့ပေမယ့် ထွန်းထွန်းမင်းက ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲအချီတွေမှာတော့ ထွန်းထွန်းမင်း တိုက်စစ်ဆင်ထိုးသတ်မှုတွေပိုလုပ်နိုင်ခဲ့ပေမယ့် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုသာတဲ့ ဒေ့ဗ်က ကာကွယ်နိုင်ခဲ့ပါတယ်။



“ဒီနေ့ပွဲမှာ ဒဏ်ရာက လုံးဝမသက်သာသေးတော့ ကစားရတာ ငဲ့နေရတယ်။ ကောင်းကောင်းမထိုးသတ်နိုင်ခဲ့ဘူး။ ဒီအတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်။ ကျွန်တော် ဒေ့ဗ်ကို အခွင့်အရေးရမယ်ဆိုရင် နောက်တစ်ကြိမ် စိန်ခေါ်ပြီး ထပ်ထိုးသတ်သွားမှာပါ” လို့ ထွန်းထွန်းမင်းက ပွဲအပြီးမှာ မီဒီယာတွေကိုပြောခဲ့ပါတယ်။ ထွန်းထွန်းမင်းဟာ ဒေ့ဗ်နဲ့ ဒီပွဲအပါအဝင် သုံးကြိမ်တွေ့ဆုံထားပြီး နှစ်ပွဲသရေ၊ တစ်ပွဲရှုံးထားပါတယ်။

သရေပွဲရလဒ်ကြောင့် ကနေဒါနိုင်ငံသား ဒေ့ဗ်ဟာ အလွတ်တန်းရွှေခါးပတ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာထူးခြားတာက ချန်ပီယံ ဒေ့ဗ်က ရိုးရာလက်ဝှေ့မှာ မြန်မာနိုင်ငံသားတွေသာအမြဲနေရတဲ့ အနီထောင့်ကနေထိုးခွင့်ရခဲ့ပြီး မြန်မာပြည်ကိုယ်စားပြုခွင့်ရခဲ့တာပါ။ စိန်ခေါ်သူ ထွန်းထွန်းမင်းကတော့ အပြာထောင့်ကနေ ရင်ဆိုင်ထိုးသတ်ခဲ့ရပါတယ်။ အပြာထောင့်ကနေ ရင်ဆိုင်ခဲ့ရတဲ့အတွက် အနည်းငယ်အံ့သြမိပေမယ့် ထူးခြားတဲ့ခံစားချက်တော့မရှိဘူးလို့ ထွန်းထွန်းမင်းက ပွဲမစခင်မှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က