ပထမအချီပြီးဆုံးခါနီးမှာပဲ ချုပ်ကွက်နဲ့အနိုင်ယူသွားတာပါ။

ယနေ့နံနက်မှာ ထိုးသတ်ခဲ့တဲ့ ONE: CENTURY PART 1 ရဲ့ တွဲဆိုင်းတစ်ဆိုင်းဖြစ်တဲ့ ဖိုးသော်နဲ့ ယူးချန်မင်းတို့ရဲ့ ပွဲစဉ်မှာ ယူးချန်မင်းက ပထမအချီမှာပဲ ဖိုးသော်ကို ချုပ်ကွက်နဲ့ လှုပ်မရအောင် လုပ်ပြီး အနိုင်ယူသွားခဲ့ပါတယ်။

ဖိုးသော်ဟာ ဂျပန်နိုင်ငံ ရောဂိုခုကိုကုဂျိကန်မှာ တောင်ကိုရီးယားတိုက်ခိုက်ရေးသမား ယူးချန်မင်းနဲ့ ထိုးသတ်မယ့် Featherweight ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ယူးချန်မင်းက ဖိုးသော်ရဲ့အားနည်းချက်ဖြစ်တဲ့ ချုပ်ကွက်ကို အသုံးပြုပြီး အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။



တောင်ကိုရီးယားတိုက်ခိုက်ရေးသမား ယူးချန်မင်းဟာ ပထမဆုံးထိုးသတ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာအဆင့်တွေပွဲစဉ် ၂ ပွဲမှာ ဒိုင်ပွဲရပ်၊ ချုပ်ကွက်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဖိုးသော်ကတော့ လက်ဝှေ့နဲ့ ကျိုကုရှင်းကရာတေးစွမ်းရည်တွေနဲ့ ပြိုင်ဘက်တွေကို ၈၈ ရာခိုင်နှုန်းအထိ အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ဖိုးသော်က ပြီးခဲ့တဲ့ ONE: Legendary Quest ပြိုင်ပွဲမှာ ဗစ်တိုရီယိုဆန်ဒက်ကို ဒိုင်ပွဲရပ် ထိုးသတ်ပြီး အနိုင်ယူခဲ့သလို ယနေ့ပွဲမှာလည်း တောင်ကိုရီးယား တိုက်ခိုက်ရေးသမား ယူးချန်မင်းကို အလဲထိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် ယူးချန်မင်းက ဖိုးသော်ရဲ့ အလစ်အငိုက်ကို အမိအရ အသုံးချသွားခဲ့တာဖြစ်ပါတယ်။

ယူးချန်မင်းဟာ ဖိုးသော်ရဲ့ လည်ပင်းကို အပေါ်စီးကနေ မိမိရရ ချုပ်ကိုင်ရင်း အရှုံးပေးအောင် ဖိအားပေးနိုင်ခဲ့ပြီး ပထမအချီပြီးဖို့ ၁ မိနစ်နဲ့ စက္ကန့် ၄၀ မှာပဲ ဖိုးသော်က လည်ပင်းရိုးကျိုးနိုင်လောက်တဲ့အခြေအနေအထိ ဖြစ်လာခဲ့တာကြောင့် ဒိုင်လူကြီးကို အချက်ပြပြီး ပွဲကို ရပ်တန့်စေခဲ့တာဖြစ်ပါတယ်။



က္က