သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကနေ အတည်ပြုခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ONE Championship ရဲ့ နာမည်ကြီးဖိုက်တာအောင်လအန်ဆန်းဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ပျောက်ကင်းသက်သာသွားခဲ့ပြီလို့ သိရပါတယ်။ အောင်လအန်ဆန်က သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကတဆင့် ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပြီး အားလုံးအတွက် ဝမ်းသာစရာသတင်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ 



အမေရိကန်မှာ နေထိုင်နေတဲ့ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့နှစ်ပတ်က ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး ၁၄ ရက်ကြာ ကွာရန်တင်းဝင်ခဲ့ကာ တစ်ဦးတည်းနေထိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာ ဆေးစစ်မှုထပ်မံပြုလုပ်ခဲ့ပြီးတော့ ဆေးစစ်ချက်ရလဒ်အရ ရောဂါပိုးကင်းစင်သွားခဲ့တာဖြစ်တယ်လို့ အောင်လအန်ဆန်ရဲ့ ပြောဆိုမှုအရသိရှိရပါတယ်။

"အားလုံးကို သတင်းကောင်းတစ်ခုပြောချင်ပါတယ်၊ ပြီးခဲ့တဲ့ စနေနေ့က စစ်ဆေးထားတဲ့ ကျွန်တော့်ရဲ့ ဗိုင်းရပ်စ်စစ်ဆေးမှုရလဒ်မှာ ရောဂါကင်းစင်သွားခဲ့ပြီဖြစ်ပါတယ်၊ ဒါကြောင့် အရင်လို လေ့ကျင့်မှုတွေ၊ လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်း ကျွန်တော်လုပ်သွားနိုင်တော့မှာပါ၊ ကျွန်တေ်ာတို့ အားလုံးလည်း ဒီအိပ်မက်ဆိုးကို မကြာခင်ကျော်လွှားနိုင်မှာပါ" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ 

မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးလ်မြို့မှာ အောင်လအန်ဆန်က မိသားစုနဲ့အတူ နေထိုင်နေတာလည်းဖြစ်ပါတယ်။ မြန်မာ့စပါးအုံးလို့ နာမည်ရရှိထားတဲ့ အောင်လအန်ဆန်ကို ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သိရပြီးနောက် သူ့ရဲ့ပရိသတ်အများအပြားက စိတ်ပူနေခဲ့ကြပါတယ်။ ဒါပေမယ့် အောင်လအန်ဆန်က သူ့အတွက် စိတ်မပူဖို့အတွက် ပရိသတ်တွေကို ပြောဆိုခဲ့ပြီး မကြာခင်မှာ သူကျန်းမာလာလိမ့်မယ်လို့ Duwun Sports နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ 

အောင်လအန်ဆန်ဟာ ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီး လာမယ့်ပွဲစဉ်အဖြစ် မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲကို စိန်ခေါ်သူ ဘစ်ဒက်ရှ်နဲ့ထိုးသတ်ဖို့ ရှိနေပါတယ်။ အဆိုပါပွဲအတွက်လည်း အကောင်းဆုံးဖြစ်နေလိမ့်မယ်လို့ အောင်လအန်ဆန်က ပြောဆိုထားခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က