အောက်တိုဘာ ၁၁ မှာ ကျင်းပမှာဖြစ်ပါတယ်။

လက်ဝှေ့ပွဲတွေမှာ အနိုင်ရပြီးတိုင်း မြန်မာအလံကိုခြုံပြီး အောင်ပွဲခံလေ့ရှိသလို နာမည်ကိုလည်း မြန်မာ့စပါးအုံးမ လို့ အမည်ပေးထားတာကြောင့် မြန်မာပရိသတ်ရဲ့ စိတ်ဝင်စားခြင်း ခံထားရသူ ဖြစ်ပါတယ်။

မြန်မာ့စပါးအုံးမလို့ လူသိများလာခဲ့တဲ့ ဗြိတိန်နိုင်ငံသူ နီကိုလာ ပါဝင်ထိုးသတ်မယ့် WLC-10(Fearless Tigers) ပြိုင်ပွဲကိုတော့ လာမယ့် အောက်တိုဘာ ၁၁ ရက်နေ့မှာ မန္တလေးမြို့မှာ ဆက်လက် ကျင်းပသွားမယ်လို့ WLC  ပြိုင်ပွဲကျင်းပရေး ကော်မတီက အတည်ပြု သတင်းထုတ်ပြန်လာခဲ့ပါတယ်။



နီကိုလာကတော့ သူမရဲ့ အမေက မြန်မာလူမျိုးတစ်ဦးဖြစ်တာကြောင့် လက်ဝှ့ပွဲတွေမှာ အနိုင်ရပြီးတိုင်း မြန်မာ အလံကိုခြုံပြီး အောင်ပွဲခံလေ့ရှိတယ်လို့ ဖွင့်ပြောထားသူ ဖြစ်ပါတယ်။

“ လက်ဝှေ့နဲ့ပါဝင်ပတ်သက်ဖို့က အိပ်မက်တစ်ခုပါ၊ လက်ဝှေ့ကြိုးဝိုင်းထဲဝင်ခွင့်ရအောင် အခွင့်အရေး ပေးခဲ့တဲ့ WLC ကိုလည်း ကျေးဇူးတင်ပါတယ်။ ကမ္ဘာ့လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်ဆိုတာကို သက်သေပြပါမယ်။” လို့ နီကိုလာက သူမရဲ့ လူမှုစာမျက်နှာထက်မှာ ရေးသားဖော်ပြထားဖူးပါတယ်။

နီကိုလာကတော့ ဟန်ဂေရီက ဘီယန်ကာဘာလက်ဂျ်တီကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ယှဉ်ပြိုင် ထိုးသတ် သွားမှာ ဖြစ်ပါတယ်။

ယခုကျင်းပမယ့် WLC-10 ကတော့ GTG နဲ့ပူးပေါင်းကာ စနစ်သစ်စိန်ခေါ်ပွဲ ၅ ပွဲတိတိ ထည့်သွင်း ကျင်းပလာတာကို လည်း တွေ့ရပါတယ်။

လက်ရှိမှာတော့ အမှတ်ပေးစနစ် ခေါင်ပွဲအဖြစ် သွေးသစ်ဝင်းလှိုင်နဲ့ဂျာမနီက ဘရုလက်တို့ ထိုးသတ်သွားမှာ ဖြစ်ပြီး နီကိုလာကတော့ ဒု-ခေါင်ပွဲအဖြစ်ထိုးသတ်သွားမှာလို့ သိရပါတယ်။

စနစ်သစ်စိန်ခေါ်ပွဲ(အရှုံးအနိုင်မပေါ်ရင်သရေပွဲအဖြစ် သတ်မှတ်မယ့်ပွဲ)မှာတော့ ခေါင် ပွဲအဖြစ် ဖျံသွေးနဲ့ရွှေ ရာမာန်၊ဒု-ခေါင်ပွဲအဖြစ် သပြေညိုနဲ့ရန်နိုင်ထွန်းတို့ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ ကနဦး သိထားရပါတယ်။

တွဲဆိုင်းစုစုပေါင်း ၁၃ ဆိုင်းပါဝင်လာမယ့် ဒီတစ်ခေါက် WLC -10 မှာတော့ အမှတ်ပေးစနစ်နဲ့ ၈ ပွဲ စနစ်သစ်စိန်ခေါ်ပွဲ ၅ ပွဲ ထိုးသတ်သွားကြမှာ ဖြစ်ပြီး လက်ကျန် တွဲဆိုင်းတွေကိုတော့ WLC က ဆက်လက်ထုတ်ပြန်ပေးသွား မယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က