ဒီရစ်ဒါနဲ့ပွဲမှာ အောင်လက သူ့ကိုယ်သူ အောက်လူအဖြစ်လို့ပဲ သတ်မှတ်ထားကြောင်း ဆိုပါတယ်။
Pyae Phyo Thein

"ကျွန်တော်က မြန်မာနိုင်ငံရဲ့ မြို့ငယ်လေးတစ်ခုကပါ၊ ခင်ဗျားတို့သိလားတော့မပြောတတ်ဘူး၊ မြန်မာက တတိယကမ္ဘာ့နိုင်ငံလေးပါ၊ ကျွန်တော်က အမြဲတမ်းကိုယ့်ကိုကိုယ် underdog တစ်ဦးလို့ပဲ မှတ်ယူပါတယ်" 


ဒီစကားတွေကို ပြောခဲ့သူကတော့ ကချင်နွယ်ဖွား၊ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားတဲ့ MMA ဖိုက်တာအောင်လအန်ဆန်ပါ။ နယ်သာလန်ဖိုက်တာ ဒီရစ်ဒါနဲ့ ထိုးသတ်ရတော့မယ့် မစ်ဒယ်ဝိတ်တန်းခါးပတ်ကာကွယ်ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ face-off အင်တာဗျူးမှာ အောင်လအန်ဆန်က ပြောခဲ့တာပါ။ အမေရိကန်၊ ဖလော်ရီဒါပြည်နယ်မှာနေထိုင်ပြီး Sanford MMA ကလပ်မှာ လေ့ကျင့်မှုတွေပြုလုပ်နေခဲတဲ့ အောင်လအန်ဆန်က လက်ရှိချန်ပီယံအဖြစ်နဲ့ သူ့ကိုယ်သူ မခံစားမိဘူးလို့ ဆိုခဲ့ပြီး ပြိုင်ဘက်အပေါ် လေးစားမှုရှိတယ်ဆိုတာကို ပြသခဲ့တာပါ။ 

"ကျွန်တော်အမြဲတမ်းခံစားနေရတာက cage အတွင်းမှာ ကျွန်တော်တစ်ခုခုကို သက်သေပြရမယ်ဆိုတာပါ၊ ဒီအတွက်ကြောင့်လည်း ဒီပွဲအတွက် အရာအားလုံးကို ပေးဆပ်သွားမှာပါ၊ ကျွန်တော်အောင်ပွဲရဖို့ အရမ်းဆာလောင်နေပြီး ကျွန်တော်အလုပ်ဘယ်လောက်ထိ လုပ်ထားလဲဆိုတာ ပရိသတ်တွေကို ပြသဖို့ မစောင့်ဆိုင်းနို်င်တော့ပါဘူး" လို့ အောင်လအန်ဆန်က ထပ်ပြောခဲ့ပါတယ်။ မြန်မာပြည်ပရိသတ်အများအပြားရဲ့ သူရဲကောင်းတစ်ဦးအဖြစ် ရပ်တည်နေတဲ့ အောင်လအန်ဆန်ဟာ ၁၂ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ ဒီရစ်ဒါနဲ့ လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ချန်ပီယံကာကွယ်ပွဲထိုးသတ်ရမှာလည်းဖြစ်ပါတယ်။ 

Dutch Knight လို့ နာမည်ပြောင်ရထားတဲ့ ဒီရစ်ဒါက "ကျွန်တော်က ရှုံးပွဲမရှိသေးတဲ့ကောင်ပါ၊ အခု အောင်လအန်ဆန်နဲ့ထိုးသတ်ရမှာမို့ ကျွန်တော်ကျေနပ်မိပါပြီ၊ ကျွန်တော်က အောက်လူဖြစ်မလားဆိုတာကိုတော့ သေချာမသိဘူး၊ ဒါပေမယ့် အားလုံးအဆင်ပြေပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က ဟော်လန်က ဖိုက်တာတွေနဲ့ ထိုးသတ်ဖို့ဆို နေရာမရွေးသွားခဲ့ပါတယ်၊ တကယ်ကောင်းတဲ့ကောင်တွေနဲ့ပေါ့၊ ဒါတွေက အခုလိုမျိုး အပြင်ထွက်ပြီးထိုးသတ်ရမယ့် အနေအထားအတွက် ကောင်းမွန်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နောက်တစ်ကြိမ်သက်သေပြနိုင်တော့မှာပါ၊ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဆိုတာကို ပြသဖို့ အသင့်ဖြစ်နေပါပြီ" လို့ ဆိုခဲ့ပါတယ်။ 

မြန်မာ့စပါးအုန်းလို့ နာမည်ကြီးနေပြီး ၂၆ ပွဲအနိုင်ယူထားကာ ၁ဝပွဲရှုံးနိမ့်ထားတဲ့ ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်ကတော့ ဒီရစ်ဒါရဲ့ ပြောဆိုခဲ့မှုအပေါ်မှာ တန်ပြန်ပြောဆိုမှုတွေမလုပ်ခဲ့ပဲ ဆိုခဲ့တဲ့အတိုင်းပဲ သူက အောက်လူအဖြစ်နဲ့သာရှိနေတယ်လို့ ခံစားရကြောင်း တုံ့ပြန်သွားခဲ့တာပါ။ ဒါပေမယ့် အောင်လအန်ဆန်လေ့ကျင့်နေခဲ့တဲ့ Sanford ကလပ်က Trainer ဖြစ်တဲ့ Henri Hooft ကတော့ သူ့ရဲ့ဖိုက်တာအတွက် အနည်းငယ်စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။ ဒတ်ချ်ကစ်ဘောင်ဆင်သမားဟောင်းတစ်ဦးဖြစ်တဲ့ Henriu က အခုလိုပဲ ပြောပါတယ်။ 

"အောင်လအန်ဆန်ရဲ့ ထောင့်ကနေ ကျွန်တော်တို့ အော်ဟစ်ပြောဆိုနေတာတွေကို ပြိုင်ဘက်ဖိုက်တာရဲ့ ထောင့်ကနေ ကြားရတာက ဒီတစ်ကြိမ်မှာ ပထမဆုံးဖြစ်လာပါလိမ့်မယ်" လို့ Henri က အလေးအနက်ထားပြောဆိုခဲ့ပါတယ်။ ဒါဟာ ဒီရစ်ဒါရဲ့ အောင်လအန်ဆန်အပေါ် ခြိမ်းခြောက်နိုင်စွမ်းကို သူကိုယ်တိုင်က စိုးရိမ်နေတယ်ဆိုတာ ထင်ရှားစေပါတယ်။ 

"သူက ဖိုက်တာကောင်းတစ်ဦးပဲ၊ သူ ONE မှာ လုပ်ပြထားတာတွေက အများကြီးရှိနေတယ်၊ မြန်မာပြည်က ပြည်သူတွေအတွက် ဂုဏ်ယူစရာဖြစ်အောင် သူ ဖန်တီးပေးနိုင်ခဲ့ပါတယ်၊ လူမှုကွန်ယက်တွေကနေ ဒီအကြောင်းကို ကျွန်တော်ခဏခဏကြားနေရတယ်၊ သူက တကယ်ကိုခမ်းနားကြီးကျယ်တဲ့ ဖိုက်တာဖြစ်ပြီး ကြိုးဝိုင်းထဲမှာ သူနဲ့အတူတူ ထိုးသတ်ရမှာကို ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်"

"ဒါက ကျွန်တော့်ရဲ့ ဖိုက်တာဘဝမှာ အကြီးမားဆုံးအခိုက်အတန့်ဖြစ်လာမှာပါ၊ ဒါပေမယ့် ကျွန်တော့်နောက်မှာ ပရိသတ်အများကြီးရှိနေမယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော်က ထင်ပေါ်လူကြိုက်များသူတော့မဟုတ်ပါဘူး၊ ကျွန်တော်က ကိုယ့်ကိုကိုယ်၊ ကိုယ့်မိသားစုအတွက် အကောင်းဆုံးတစ်ယောက်ဖြစ်တယ်ဆိုတာကိုပဲ သက်သေပြချင်တာပါ၊ ကျွန်တော့်နည်းပြတွေနဲ့ လေ့ကျင့်ဖော်တွေကို ကျွန်တော့်အတွက် ဂုဏ်ယူစေချင်ရုံပါပဲ" လို့ ဒီရစ်ဒါက ထပ်ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ အောင်လအန်ဆန်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး လေ့ကျင့်မှုတွေကို ပုံမှန်အတိုင်းပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ် အောင်လရဲ့ ခါးပတ်ကာကွယ်ပွဲက အရင်ပွဲတွေထက် ပိုပြီးခက်ခဲမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဒါကလည်း ပြိုင်ဘက်ကို အဆုံးသတ်နိုင်မှုအပိုင်းမှာ ၉၂% အထိ ရှိနေတဲ့ ဒီရစ်ဒါရဲ့ တိုက်စစ်စွမ်းရည်ကြောင့်ပါ။ နောက်တစ်ချက်က အောင်လထက်ပိုပြီး အရပ်အမောင်းသာတာကြောင့် သူ့ရဲ့ Reach အပိုင်းသာလွန်မှုကလည်း အားသာချက်ဖြစ်မယ်လို့ ယူဆနေကြပါတယ်။ တစ်ဖက်မှာလည်း အောင်လအတွက် ကြောက်ရွံ့စရာမရှိဘူးလို့ ကောက်ချက်ချကြပါတယ်။

ထိုးသတ်ပွဲအများအပြားထိုးသတ်ထားပြီး အဲဒီပွဲတွေမှာ တိုက်ပွဲဝင်စိတ်ဓာတ်ပိုင်းကောင်းမွန်တယ်ဆိုတာကို အောင်လက သက်သေပြနိုင်ခဲ့တယ်လို့ဆိုကြပါတယ်။ ဒီစိတ်ဓာတ်ကြောင့်ပဲ သူက မြန်မာပြည်ရဲ့ သူရဲကောင်းဖြစ်လာခဲ့သလို နာမည်ကျော် MMA ဖိုက်တာဘဝကို ကိုယ်တိုင်ဖန်တီးရယူနိုင်ခဲ့တယ်လို့ ချီးကျူးနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံက အောင်လအန်ဆန်ပဲ ထပ််မံရပ်တည်မလား၊ ဒီရစ်ဒါက လွှဲပြောင်းယူသွားမလားဆိုတာကို လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ သိရှိရတော့မှာပါပဲ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က