လိုက်ဝိတ်တန်းချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။
Pyae Phyo Thein

UFC က နာမည်ကျော်ရုရှဖိုက်တာခါဘစ်ဟာ သူ့ရဲ့လိုက်ဝိတ်တန်းခါးပတ်ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ ဂေ့ဂျီကိုအနိုင်ရရှိခဲ့ပြီးနောက်မှာ MMA လောကကနေ အနားယူပြီလို့ ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။ UFC 254 ရဲ့ ခေါင်ပွဲအဖြစ် အဘူဒါဘီမှာ ထိုးသတ်ခဲ့တာဖြစ်ပြီး အသက် ၃၂နှစ်အရွယ် ခါဘစ်ဟာ ဒုတိယအချီမှာပဲ Triangle Choke ကွက်နဲ့ ဂေ့ဂျီကို အနိုုင်ယပြီး ၂၉ ပွဲမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

၁၅၅ ပေါင်တန်းမှာ ပြိုင်ဘက်ကင်းချန်ပီယံက သူပဲဖြစ်တယ်ဆိုတာကို ခါဘစ်က ထပ်မံပြသနိုင်ခဲ့ပြီး ခါဘစ်အနေနဲ့ ပွဲ ၃၀ မြောက်နိုင်ပွဲကို ရယူဦးမယ်လို့ ပရိသတ်တွေက ယုံကြည်ခဲ့ပေမယ့် ရုရှဖိုက်တာကတော့ အနားယူပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် ပထမဆုံးအကြိမ်ထိုးသတ်ခဲ့တဲ့ပွဲမှာ ခါဘစ်က ချန်ပီယံအရည်အသွေးကို ပြသနိုင်ခဲ့ပြီး ဖခင်ဖြစ်သူဂုဏ်ယူနိုင်အောင် စွမ်းဆောင်ပြခဲ့ပါတယ်။ 

"ဒါက ကျွန်တော့်ရဲ့နောက်ဆုံးထိုးသတ်ပွဲပါ၊ ကျွန်တော့်အဖေမရှိဘဲနဲ့ ဒီကိုထပ်လာစရာဘာအကြောင်းမှမရှိတော့ပါဘူး၊ ဒါက ကျွန်တော့်အဖေကွယ်လွန်ပြီးနောက် ပထမဆုံးထိုးသတ်ခဲ့တဲ့ပွဲဖြစ်ပါတယ်၊ ဂေ့ဂျီနဲ့ ထိုးသတ်ဖို့အတွက် ကျွန်တော့်ကို UFC က ပြောလာခဲ့ချိန်မှာ ကျွန်တော့်အမေနဲ့ ၃ရက်ကြာ ဆွေးနွေးခဲ့ပါတယ်"

"သူက ကျွန်တော့်ကို အဖေမရှိတော့လို့ မထိုးသတ်စေချင်တော့ဘူး၊ ဒါပေမယ့် အမေ့ကို ကျွန်တော်ကတိပေးခဲ့တာက ဒီပွဲက နောက်ဆုံးပွဲပါလို့၊ ကျွန်တော့်စကားအတိုင်း ကျွန်တော်လိုက်နာသွားမှာပါ၊ ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးပွဲပါပဲ၊ UFC က ကျွန်တော်လိုချင်တာ တစ်ခုပဲရှိပါတယ်၊ အဲဒါကတော့ ကျွန်တော့်ကို pound for pound ကမ္ဘာ့အကောင်းဆုံးဖိုက်တာဖြစ်တယ်လိုု့ အသိအမှတ်ပြုပေးဖို့ပါ၊ ကျွန်တော်က အဲဒါနဲ့ ထိုက်တန်ပါတယ်" လို့ ခါဘစ်က ပြောခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။

ခါဘစ်ကတော့ သူ့ရဲ့ ဖိုက်တာဘဝတစ်ယောက်မှာ ဖခင်ဖြစ်သူရဲ့ အနီးကပ်လမ်းညွှန်မှုတွေနဲ့ ထိုးသတ်ခဲ့သူဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ဖခင်ဖြစ်သူက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အခြားသောရောဂါဝေဒနာတွေကြောင့် မော်စကိုဆေးရုံမှာ သေဆုံးခဲ့ရချိန်မှာ ခါဘစ်က MMA ကြိုးဝိုင်းကို စွန့်ခွာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး UFC ရဲ့ လိုက်ဝိတ်တန်းမှာတော့ ပြိုင်ဘက်ကင်းသူဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ 


Author


က္က