ခါးပတ် နှစ်ခု ချန်ပီယံရဲ့ ကြိုးဝိုင်းအပြင်ဖက်က ဘဝအကြောင်းတွေကို ပိုမို သိရှိလာရပါတယ်။

၂၀၁၇မှာ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ရုရှားဖိုက်တာ ဘစ်ဒစ်ရှ်ထံကနေ လွှဲပြောင်းယူပြီးနောက် ယနေ့တိုင် ခါး ပတ်ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်တဲ့အပြင် နောက်ထပ် လိုက်ဟဲဗီးဝိတ်ခါးပတ်ကိုလည်း ထပ်မံ ဆွတ်ခူးကာ အောင်မြင်မှု အလီလီ ရယူထားတဲ့ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ဆိုရင် ကလေးကအစ မသိသူ ရှိလောက် မယ်မထင်ပါဘူး။


မြန်မာတွေနဲ့ မရင်းနှီးတဲ့ အားကစားတစ်ခုကို မြန်မာနိုင်ငံကို သယ်ဆောင်လာပြီး ကလေး လူငယ် လူကြီး မရွေး အောင်လဆိုရင် မချစ်တဲ့သူ မရှိရလောက်အောင် လူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်နိုင်ခဲ့သူပါ။



ဒါ့အပြင် အောင်လအန်ဆန် ဘယ်မှာနေတယ်၊ကလေးဘယ်နှစ်ယောက်ရှိတယ် စတာတွေကိုလည်း ပရိသတ်တွေ သိရှိကြပေမယ့် ထဲထဲဝင်ဝင် မသိရသေးတဲ့ အောင်လရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေလည်း များစွာ ရှိ နေပါတယ်။

အဲ့ဒီထဲကမှ ပရိသတ်တွေ စိတ်ဝင်တစားသိရှိလိုမယ်လို့ ယူဆတဲ့ အကြောင်းအရာ အချို့ကို One Championship ကနေ တဆင့် ပြန်လည်ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

၁။ငယ်ဘဝ သူရဲကောင်း

ကလေးတော်တော်များ နည်းတူ အောင်လဟာ သူ့မိသားစုမှာတော့ သူ့မိဘတွေရဲ့ အသဲစွဲ ဖြစ်ခြင်း ခံခဲ့ရပါတယ်။ အထူးသဖြင့်တော့ အောင်လဟာ သူ့ဖခင်ဆီကနေတဆင့် လူ့ ကျင့်ဝတ်တွေ၊ဆုံးဖြတ်ချက်တွေကို စံနမူနာထားပြီး ကြီးပြင်းခဲ့ရသူလည်း ဖြစ်ပါတယ်။

“အဖေက အတန်းပညာ ၄တန်းထိသာ သင်ခဲ့ရပေမယ့် ကျွန်တော်တို့ မိသားစုဝင် ၅ဦးစလုံးအပေါ်အမြဲ ဂရုတစိုက် ရှိခဲ့ပါတယ်။နောက်ပြီး သူပညာမတတ်ပေမယ့် ကျွန်တော့်ကိုတော့ ပညာတတ်ကြီး ဖြစ်အောင် တက္ကသိုလ်ထိ ပို့ ပေးနိုင်သူပါ။ကျွန်တော့်ဘဝအတွက် သူရဲကောင်းပါပဲ”လို့ အောင်လက သူ့အဖေနဲ့ပတ်သက်ပြီး ပြောပြပါတယ်။

၂။ ကိုယ်ခံပညာက ငယ်စဥ်ကတည်းက လွှမ်းမိုးခဲ့

အောင်လက ကျွန်တော်တို့လို ဂျက်ကီချမ်း၊ဘရုစ်လီတို့ကို ကြိုက်နှစ်သက်သူတစ်ဦးပါ။သူကတော့ ရုပ်ရှင်တွေ ငယ်စဥ်ကတည်းကကြည့်ပြီး ကိုယ်ခံပညာကို တတ်မြောက်လိုသူ ဖြစ်ခဲ့ပြီး ဒီနေ့မှာ ရုပ်ရှင်ထဲက အတိုင်း အပြင် မှာ တစ်ကယ်ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

၃။ အမှတ်တရအရှိဆုံး အားကစားသမား

အောင်လအန်ဆန် လေးစားရဆုံး အားကစားသမားကတော့ ဘတ်စကတ်ဘော ကစားသမားကြီး မိုက်ကယ် ဂျော်ဒန်လို့ သိရပါတယ်။ဘတ်စကတ်ဘောအတွင်း မြင့်မားတဲ့ စွမ်းဆောင်ရည်များ၊အပြစ်အနာဆာ ကင်းလွန်း လှတယ်လို့တောင် ကင်းပွန်းတပ်ခံရတဲ့ ဂျော်ဒန်ဟာ အောင်လရဲ့လေးစားမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

၄။ လက်ဝှေ့စင် ပြင်ပက အောင်လအတွက် အခက်အခဲဆုံးအရာ

တိုက်ခိုက်‌ရေးသမားတစ်ယောက်အတွက် ပြိုင်ဖက်တွေက အမြဲတမ်း ခက်ခဲလေ့ရှိပါတယ်။အထူသဖြင့် အောင် လအန်ဆန်လို ခါးပတ် နှစ်ခု ချန်ပီယံအတွက် ကာကွယ်ပွဲတွေက အမြဲတမ်း ဂုဏ်သိက္ခာတိုက်ပွဲ ဖြစ်နေပါတယ်။ ဒီလို လက်ဝှေ့ကြိုးဝိုင်းအတွင်းက အခက်ခဲဆုံးအရာတွေထက် ပြင်ပလူနေမှုဘဝမှာ အောင်လ အခက်ခဲဆုံး အရာ ကတော့ သူ့မိသားစုပါ။

ပြိုင်ပွဲမရှိသော်လည်း လေ့ကျင့်မှုတွေကြားက မိသားစုကို အမြဲတမ်း ဂရုတစိုက်နဲ့ အေးချမ်းသာယာနေအောင် ထား နိုင်ဖို့ပါ။ အောင်လအန်ဆန်မှာ အမေရိကန်သူ အမျိုးသမီးနဲ့ သားဦးတစ်ဦး၊သမီးငယ်တစ်ဦး

ပိုင်ဆိုင်ထားပါတယ်။

၅။ကြေးရုပ်

၂၀၁၈ ဒီဇင်ဘာမှာ အောင်လအန်ဆန်ရဲ့ ပုံတူ ကြေးရုပ်တုကို ကချင်ပြည်နယ် မနောကွင်းမှာ ထုဆစ်ဂုဏ်ပြုခဲ့ကြ ပါတယ်။ ရုပ်တုထုလုပ်ဖို့ သတင်းကြားတဲ့အချိန်မှာ အောင်လကိုယ်တိုင် အံ့အားသင့်ခဲ့ရပြီး ပြည်သူတွေက သူ့ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ သိရှိသွားခဲ့ပါတယ်။ဒါပေမယ့်လည်း သူဟာ ဒီလောက်ထိ မထိုက်တန်တာကြောင့် မထုလုပ်ကြဖို့ တားမြစ်ခဲ့ပါသေးတယ်။ဒီရုပ်တုရဲ့ အဓိပ္ပာယ်ကတော့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာ သင်မွေးဖွားခဲ့ မွေးဖွားခဲ့ နှလုံးသားနဲ့ စိတ်ကို တည်ငြိမ်အောင် ကြိုးစားတည်ဆောက်မယ်ဆိုရင် ကမ္ဘာ့ချန်ပီယံတစ်ဦးအထိ ဖြစ် လာနိုင်တယ်ဆိုတာကို သက်သေပြနေခဲ့ပါပြီ။

၆။အောင်လ အကြောက်ဆုံးအရာ

အောင်လအန်ဆန် အကြောက်ဆုံးက ဘာဖြစ်မယ်ထင်လဲ၊မွေလား၊အမြင့်လား အဲ့ဒါတွေတော့ မထင်ပါဘူး။တ ကယ်တော့ အောင်လကြောက်တာ မိမိရဲ့ ရည်မှန်းချက် ပန်းတိုင်ကို မရောက်မှာကိုပါပဲ။

“ကျွန်တော့်ကို ကြောက်အောင် ဘယ်အရာမှ လုပ်လို့ မရပါဘူး၊အိပ်မက်တွေ လက်တွေ့ အကောင် အထည် မဖော် နိုင်ပဲ တစ်ဝက်တစ်ပျက်ဖြစ်ပြီး လမ်းတစ်ဝက်မှာ ကျိုးပျက်မှာကို အကြောက်ဆုံးပါပဲ။”လို့ အောင်လက ဆိုပါ တယ်။

၇။အချက်အပြုတ်

အောင်လကို လူတိုင်းက ကြိုးဝိုင်းထဲက ကမ္ဘာ့ချန်ပီယံလို့ သိထားကြပေမယ့် အနည်းငယ်သော လူအချို့လောက် သာ အောင်လဟာ မီးဖိုချောင်ထဲမှာ အချက်အပြုတ် ကျွမ်းကျင်သူဆိုတာ သိထားကြပါတယ်။ အောင်လဟာ ၇ နှစ်သားအရွယ်ကတည်းက အချက်အပြုတ် လုပ်ခဲ့ရသူလို့လည်းသိရပါတယ်။

“ကျွန်‌တော်တို့ ကလေးဘဝမှာ ကျွန်တော့်အမေရဲ့ အိမ်နီးချင်းတစ်ဦးက အမြဲတမ်း အိမ်ကိုလာပြီး အချက်အပြုတ် တွေသင်ပေးလေ့ရှိပါတယ်။တချို့ တနင်္ဂနွေနေ့တွေမှာဆို သူမက ကျွန်တော်တို့အတွက် စားစရာတွေ လုပ်ပေး တတ်ပါသေးတယ်။အဲ့ကတည်းက ကျွန်တော် ချက်ပြုတ်ခဲ့တာပါ။”လို့ အောင်လက ဆိုပါတယ်။

အောင်လအန်ဆန်ရဲ့ အကြောင်းလေးတွေက စိတ်ဝင်စားဖွယ်ရာပါပဲ၊အောင်လ ဘယ်လိုချက်ပြုတ်လဲ ဘာတွေ ချက်တတ်လဲဆိုတာကိုလည်း မင်မင်ကိုယ်တိုင် စိတ်ဝင်စားသလို ပရိသတ်တွေလည်း သိချင်လိမ့်မယ် ထင်ပါ တယ်။ငယ်ငယ်က ကိုယ်တိုင်လည်း သူ့လို သိုင်းကားတွေကြည့်ပြီး အပြင်မှာတတ်ချင်ခဲ့ပေမယ့် မတတ်ခဲ့တာကို နောင်တရသလိုလိုရှိပေမယ့် အောင်လအတွက် ဂုဏ်အယူဆုံးကတော့ ရုပ်တု ထုလုပ် ဂုဏ်ပြုခံရတဲ့အထိ အောင် မြင်သူ တစ်ဦးဖြစ်နေလို့ပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က