အောင်လရဲ့ ရှုံးပွဲအတွက် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ ဝမ်းနည်းခဲ့ရပါတယ်။
Pyae Phyo Thein

စက်တင်ဘာလ ၃၀ ရက်နေ့က ထိုးသတ်ခဲ့တဲ့ ONE Championship မစ်ဒယ်ဝိတ်တန်းခါးပတ်ကာကွယ်ပွဲမှာ ပြိုင်ဘက်နယ်သာလန်နိုင်ငံသားဒီရစ်ဒါကို လက်ရှိချန်ပီယံအဖြစ် ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်က အရေးနိမ့်ခဲ့ပါတယ်။ ပထမအချိီမှာပဲ အောင်လအန်ဆန်ဟာ ဒီရစ်ဒါရဲ့ ချုပ်ကွက်မှာ ရုန်းမထွက်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပြီး သူ့ရဲ့ချန်ပီယံခါးပတ်ကို စွန့်လွှတ်ခဲ့ရပါတယ်။

အောင်လအန်ဆန်ရဲ့ ရှုံးပွဲဟာ သူ့ကိုအမြဲတစေစိတ်အားထက်သန်စွာအားပေးနေတဲ့ မြန်မာပြည်ပရိသတ်တွေအတွက် တော်တော်လေးကို ယူကျုံးမရဖြစ်ခဲ့ရတဲ့ ပွဲစဉ်လည်းဖြစ်ပါတယ်။ ဘက်စုံသုံးကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး နိုင်ငံ့ဂုဏ်ကိုဆောင်ပေးနေတဲ အောင်လအန်ဆန်ရဲ့ ရှုံးပွဲအတွက် သူ့ရဲ့ပရိသတ်ကြီးငယ်မရွေး ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ 



အဆိုပါပွဲအပြီးမှာ အောင်လအန်ဆန်က ရှုံးပွဲအတွက် ပရိသတ်တွေကို စိတ်မကောင်းစကားပြောဆိုခဲ့ပြီး သူ အကောင်းဆုံးပြန်လည်ပြင်ဆင်ပြီး မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ရယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ အောင်လအန်ဆန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook ကတဆင့် သူ့ရဲ့ရှုံးပွဲအတွက် ငိုကြွေးနေတဲ့ ကလေးငယ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြခဲ့ပြီး ပရိသတ်တွေကို သူ ချန်ပီယံဖြစ်အောင် လုပ်မယ်လို့ ကတိပေးသွားခဲ့ပါတယ်။ 


အောင်လအန်ဆန်က "ကျွန်တော်နေကောင်းကျန်းမာပါတယ်၊ ကျွန်တော့်မိသားစုလည်းနေကောင်းကျန်းမာကြပါတယ်၊ ထို့အတူကျွန်တော့်အသင်းကလည်းကျွန်တော့်ကိုနောက်ကွယ်ကနေအကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ဘုရားသခင်ကကောင်းမြတ်ပါတယ်! ကျွန်တော်အသန်မာဆုံး၊အကောင်းဆုံးပုံစံနဲ့လေ့ကျင့်ပြင်ဆင် ပြန်လည်ရင်ဆိုင်ထိုးသတ်ပြီးတော့၊မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကိုပြန်လည်အရယူမယ်လို့ကတိပေးပါတယ်။ ဒီတော့ငိုကြွေးမနေပါနဲ့တော့" လို့ ရေးသားပြီး ကလေးငယ်ကို ကတိပေးသွားခဲ့တာပါ။ 

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ် ၃နှစ်ကြာရပ်တည်နိုင်ခဲ့သူဖြစ်ပြီး လိုက်ဟဲဗီးဝိတ်တန်းရဲ့ ချန်ပီယံလည်းဖြစ်ပါတယ်။ မစ်ဒယ်ဝိတ်တန်းကိုသာ အဓိကထားယှဉ်ပြိုင်မယ်လို့ ပြောဆိုခဲ့တဲ့ အောင်လအန်ဆန်က ဒီရစ်ဒါကို အရေးနိမ့်ခဲ့ပြီးနောက် ပြန်ထိုးပွဲအတွက် သူ့ဘက်က အမြဲတမ်းအသင့်ရှိနေမယ်လို့ ဆိုခဲ့ပြီး သူ့ရဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ပြန်လည်ရယူဖို့အတွက် အားခဲနေပြီလည်းဖြစ်ပါတယ်။ 


Author


က္က