အောင်လအန်ဆန်အတွက်တော့ ဘစ်ဒက်ရှ်နဲ့ တွေ့ဆုံမှုဟာ ၃ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်လာမှာဖြစ်ပြီး ဒီပွဲစဉ်က အနိုင်ရသူဟာ လက်ရှိ မစ်ဒယ်ဝိတ်တန်းချန်ပီယံနယ်သာလန်သား ရီနိယာဒီရိုက်ဒါကို စိန်ခေါ်ထိုးသတ်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။
ONE Championship ရဲ့ နာမည်ကျော်ဖိုက်တာတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းပွဲစဉ်အဖြစ် ပြိုင်ဘက်ဟောင်းဖြစ်သူ ဗစ်တာလီဘစ်ဒက်ရှ်နဲ့ ဧပြီလအတွင်းမှာ ထိုးသတ်သွားမယ်လို့ သိရပါတယ်။ ONE ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါပွဲစဉ်ကို လာမယ့် ဧပြီလ၊ ၂၁ ရက်နေ့မှာ ထိုးသတ်သွားမှာဖြစ်ပြီး အမေရိကန်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
အောင်လအန်ဆန်အတွက်တော့ ဘစ်ဒက်ရှ်နဲ့ တွေ့ဆုံမှုဟာ ၃ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်လာမှာဖြစ်ပြီး ဒီပွဲစဉ်က အနိုင်ရသူဟာ လက်ရှိ မစ်ဒယ်ဝိတ်တန်းချန်ပီယံနယ်သာလန်သား ရီနိယာဒီရိုက်ဒါကို စိန်ခေါ်ထိုးသတ်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ မစ်ဒယ်၀ိတ်တန်းချန်ပီယံဆုကို ပြန်လည်ရယူဖို့ အားခဲနေတဲ့ အောင်လအန်ဆန်အတွက်တော့ ဒီပွဲစဉ်က တော်တော်လေးအရေးကြီးနေပြီဖြစ်ပါတယ်။
အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်တို့ နှစ်ဦးစလုံးဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်းတွေဖြစ်ပြီး နှစ်ဦးစလုံးအတွက် သူတို့ရဲ့ခါးပတ်ကို ပြန်လည်ရယူဖို့ စိတ်အားထက်သန်နေမှာဖြစ်လို့ အကြိတ်အနယ်ရှိလာမယ့် ပွဲကြီးပွဲကောင်းလို့ ယူဆရပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဂျာကာတာမှာ သူတို့နှစ်ဦး ပထမဆုံးအကြိမ် ထိုးသတ်ခဲ့ပြီး ဘစ်ဒက်ရှ်က အနိုင်ရရှိခဲ့ကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။
ပြန်လည်စိန်ခေါ်ပွဲအဖြစ် ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်းမှာပဲ ရန်ကုန်မှာ ပြန်လည်ထိုးသတ်ရာမှာတော့ အောင်လအန်ဆန်က အနိုင်ရရှိခဲ့ကာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းက ဒီရစ်ဒါနဲ့ထိုးသတ်ခဲ့ရာမှာ ပထမအချီမှာပဲ အရေးနိမ့်ခဲ့လို့ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို လွှဲပြောင်းပေးအပ်ခဲ့ရပြီး ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက်တော့ ဘစ်ဒက်ရှ်နဲ့ အရင်ထိုးသတ်ပြီး အနိုင်ယူရမှာဖြစ်ပါတယ်။
အကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်လို့ ပရိသတ်တွေကို ကတိပေးထားသလို မစ်ဒယ်ဝိတ်တန်းခါးပတ်ကိုလည်း ပြန်လည်ရယူမယ်လို့ အောင်လအန်ဆန်က ပြောဆိုထားခဲ့တာကြောင့် သူ့ရဲ့ပွဲစဉ်တွေက စိတ်ဝင်တစားစောင့်ကြည့်ရဖို့တော့ ရှိနေပါတယ်။ မြန်မာပြည်ဖွားအောင်လအန်ဆန်အနေနဲ့ သူ့ရဲ့ ခါးပတ်ကို ပြန်လည်ရယူဖို့ ကြိုးပမ်းမှုမှာ ဘစ်ဒက်ရှ်ကို ကျော်ဖြတ်နိုင်မလားဆိုတာကို အရင်ဦးဆုံးကြည့်ရှုခံစားရတော့မှာလည်းဖြစ်ပါတယ်။