သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ပြောဆိုလိုက်တာပါ။

ONE Championship က နာမည်ကျော်ဖိုက်တာတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်က မြန်မာနိုင်ငံမှာ တပ်မတော်(စစ်တပ်)က အာဏာသိမ်းတဲ့အပေါ် လုံးဝသဘောမတူကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ပြောဆိုလိုက်ပါတယ်။ ကချင်

တိုင်းရင်းသားတစ်ဦးဖြစ်ပြီး လက်ရှိမှာ အမေရိကန်နိုင်ငံသားတစ်ဦးအဖြစ် ခံယူထားတဲ့ အောင်လအန်ဆန်က ဒီအခြေအနေတွေအပေါ်မှာ သူ နားလည်ပေးနိုင်တယ်လို့လည်း ဆိုခဲ့ပါတယ်။ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အောင်လအန်ဆန်က သူ တတ်နိုင်သမျှဘက်ကနေ အကောင်းဆုံးလုပ်ဆောင်ပေးမယ်လို့လည်း ကတိစကားဆိုခဲ့ပါတယ်။



မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အောင်လအန်ဆန်ရဲ့ နှုတ်ဆိတ်နေမှုအပေါ် ပရိသတ်တွေက ဝေဖန်မှုတွေအများအပြားပြုလုပ်ခဲ့တဲ့နောက်မှာ အခုလိုမျိုးပြောဆိုဖြေရှင်းခဲ့တာဖြစ်ပါတယ်။


ချစ်ခင်ရပါသောမြန်မာနိုင်ငံသားများခင်ဗျား..


"အခုအချိန်မြန်မာနိုင်ငံမှာဘယ်လိုအခြေအနေတွေဖြစ်နေတယ်ဆိုတာကျွန်တော်မြင်တွေ့ကြားသိနေပါတယ်။အားလုံးပေးပို့တဲ့ သတင်းစကားတွေအတွက်လည်းကျေးဇူးတင်ပါတယ်။ ကျွန်တော်ကမြန်မာနိုင်ငံမှာတပ်မတော်(စစ်တပ်)ကအာဏာသိမ်းတာနဲ့ပတ်သက်ပြီးတော့လုံးဝသဘောမတူပါဘူး။ ပြီးတော့အားလုံးလည်းပဲဖြစ်ပေါ်လာတဲ့အခြေအနေအဖြစ်အပျက်တွေကြောင့်စိတ်ပျက်လက်ပျက်ဖြစ်နေကြမယ်ဆိုတာသိပါတယ်။ ဒါပေမယ့်ကျွန်တော်မွေးဖွားကြီးပြင်းခဲ့တဲ့ဒေသနဲ့ကျွန်တော့်မိသားစုအကြောင်းအားလုံးသိမယ်ဆိုရင်ကျွန်တော့်နှလုံးသားကအားလုံးနဲ့အတူတူပဲဆိုတာသိမှာပါ။ကျွန်တော်ကမြန်မာနိုင်ငံကကချင်တိုင်းရင်းသားတယောက်ဖြစ်ပြီး၊ကျွန်တော်ကလေးကတည်းက ဒီလိုအခြေအနေတွေကိုကြုံတွေ့ခံစားခဲ့ရတာပါ။

ဒီအခြေအနေအဖြစ်အပျက်တွေကကျွန်တော်တတ်နိုင်တဲ့၊ ကျွန်တော့်လုပ်နိုင်စွမ်းထက်အများကြီးပိုတဲ့အခြေအနေပါ။ ကျွန်တော်ကကိုယ်ခံပညာပေါင်းစုံအားကစားသမားတစ်ဦးပဲဖြစ်ပြီးတော့၊နိုင်ငံရေးသမားတယောက်လဲမဟုတ်ပါဘူး။ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်းသည်အဖြစ်အပျက်တွေမှာပါဝင်လုပ်ဆောင်အဖြေရှာနေကြပါတယ်။ဒါပေမယ့်အားလုံးကစိတ်ပျက်လက်ပျက်ဖြစ်နေပြီးစိတ်ထွက်ပေါက်ပေးဖို့အတွက်လိုအပ်တယ်ဆိုရင်တော့၊အားလုံးအတွက်ကျွန်တော်အမြဲရှိနေပါတယ်။ ကျွန်တော့်ကိုဝေဖန်ထောက်ပြပြီးသတင်းစကားပေးပို့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ကျွန်တော်သိကျွမ်းတဲ့အရာကအားကစားပါ။

ကျွန်တော်က အားကစားသမားပါ၊နိုင်ငံရေးသမားတယောက်မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာဘယ်လိုနိုင်ငံရေးအခြေအနေဖြစ်နေပါစေ၊မြန်မာနိုင်ငံကိုအကောင်းဆုံးပဲဖြစ်စေချင်ပါတယ်။ဒီလိုမသေချာမရေရာတဲ့အခြေအနေမှာ၊အားလုံးစည်းစည်းလုံးလုံးရှိနေဖို့ကအရမ်းအရေးကြီးပါတယ်။ကျွန်တော်အများကြီးမလုပ်ဆောင်နိုင်ပေမယ့်၊ကျွန်တော်တို့ရဲ့လူမှူအဖွဲ့အစည်းကိုပိုမိုမျှတကောင်းမွန်တဲ့အဖွဲ့အစည်းဖြစ်လာစေဖို့ကျွန်တော်တတ်စွမ်းတဲ့ဘက်ကနေအကောင်းဆုံးလုပ်ဆောင်မယ်ဆိုတာကိုတော့ကျွန်တော်အားလုံးကိုကတိပြုပါတယ်။

ကျွန်တော်ရဲ့သဘောထားခံယူချက်ကမြန်မာနိုင်ငံသားအားလုံးနဲ့အတူတူပဲဆိုတဲ့ကျွန်တော့်ခံစားချက်ကိုဖော်ပြဖို့အတွက်ကျွန်တော်အနေနဲ့ဒွိဟဖြစ်ပြီးတွေဝေနေခဲ့တာလုံးဝမဟုတ်ပါဘူး။ဒါပေမယ့်ကျွန်တော်မှာလဲကျွန်တော့်အခက်အခဲနဲ့ကျွန်တော်ရှိတယ်ဆိုတာကိုနားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်။ မြန်မာနိုင်ငံမှာတရားမျှတမှုအစဉ်အမြဲဖြစ်တည်ပါစေလို့ကျွန်တော်ဆန္ဒပြုဆုတောင်းပါတယ်" လို့ အောင်လအန်ဆန်က ရေးသားပြောဆိုခဲ့ပါတယ်။

အောင်လအန်ဆန်ကတော့ ONE Championship မစ်ဒယ်ဝိတ်တန်းဖိုက်တာဖြစ်ပြီး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ဆုံးရှုံးထားတဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး လာမယ့်ဧပြီလအတွင်းမှာ ပြိုင်ဘက်ဟောင်းဘစ်ဒက်ရှ်နဲ့ထိုးသတ်ဖို့ တွဲဆိုင်းရှိနေပြီး အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ လက်ရှိချန်ပီယံဒီရစ်တာနဲ့ ခါးပတ်လုပွဲထိုးသတ်သွားရမှာဖြစ်ပါတယ်။ 



က္က