ကိုမာဝင်ရာက ပြန်သက်သာလာပေမယ့် ဗိုင်းရပ်စ်ကူးခံထားရတာဖြစ်ပါတယ်။
Pyae Phyo Thein

ခါဘစ်ရဲ့ဖခင်ဖြစ်သူဟာ ကိုမာဝင်သွားရာကနေ ပြန်လည်ပြီးသက်သာလာခဲ့ပေမယ့်လည်း နှလုံးခွဲစိတ်ထားရမှု နဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမှုတွေကြောင့် သေရေးရှင်ရေးအခြေအနေကို ဆိုက်ရောက်နေတယ်လို့ သိရှိခဲ့ရတာပါ။ 


UFC လိုက်ဝိတ်တန်းချန်ပီယံခါဘစ်က သူ့ရဲ့ဖခင်ဖြစ်သူဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ပြောဆိုလိုက်ပြီး မော်စကိုဆေးရုံမှာ ဆိုးရွားလွန်းတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့မိသားစုဝင်တွေထဲမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူအများအပြားရှိနေတယ်လို့ အင်စတာဂရမ်ကတဆင့် ခါဘစ်ကပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ခါဘစ်ဟာ ရုရှဘာသာစကားနဲ့ ပြောဆိုခဲ့တာဖြစ်ပြီးတော့ ESPN သတင်းဌာနက ဘာသာပြန်ဖော်ပြပေးခဲ့တာလို့လည်း သိရပါတယ်။ ခါဘစ်ရဲ့ဖခင်ဖြစ်သူဟာ ကိုမာဝင်သွားရာကနေ ပြန်လည်ပြီးသက်သာလာခဲ့ပေမယ့်လည်း နှလုံးခွဲစိတ်ထားရမှု နဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမှုတွေကြောင့် သေရေးရှင်ရေးအခြေအနေကို ဆိုက်ရောက်နေတယ်လို့ သိရှိခဲ့ရတာပါ။ 

"ကိုယ်ရေးကိုယ်တာကိစ္စတွေပါ၊ ကျွန်တောာ့်မိသားစုဝင် ၂ဝလောက်က ဖျားနာနေကြပါတယ်၊ လူ ၂ဝထက်မနည်းက ICU တွေထဲမှာရှိနေပြီးတော့ အဲဒီထဲက အများအပြားကတော့ ကျွန်တော်တို့နဲ့မရှိတော့ပါဘူး၊ ကျွန်တော့်ရဲ့ အသိအကျွမ်းအများအပြားလည်း သေဆုံးခဲ့ကြပြိးတော့ ဆွေမျိုးသားချင်းတွေလည်း ပါဝင်ပါတယ်၊ အားလုံးပဲ ခက်ခဲတဲ့အခြေအနေတွေကို ကျော်ဖြတ်နေကြရတာပါ၊ ကျွန်တော့်အဖေနဲ့ပတ်သက်ပြီး ရေးသားပြောဆိုမှုတွေကိုလည်း အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်"

"အခု ကျွန်တော့်အဖေက ဆေးရုံပေါ်မှာပါ၊ သူ့အခြေအနေက စိုးရိမ်စရာဖြစ်နေပြီး ဗိုင်းရပ်စ်ကူးခံထားရတယ်လို့လည်း အဖြေထွက်လာပါတယ်၊ သူ့နှလုံးကိုလည်း ထိခိုက်မှုရှိနေတာပါ၊ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်က သူ ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီးတော့ အခုအခါလည်း နောက်ထပ်ခွဲစိတ်မှုတစ်ကြိမ်ပြုလုပ်ထားရလို့ပါ၊ သူ့အတွက် အရမ်းခက်ခဲတဲ့အခြေအနေဖြစ်နေပါတယ်၊ အရမ်းကိုခက်ခဲနေတာပါ၊ သူ ကျွန်တော်တို့ဆီပြန်လာဦးမှာလားဆိုတာ ဘုရားသခင်ကို မေးမြန်းနေရပါတယ်" လို့ ခါဘစ်က ပြောဆိုခဲ့ပါတယ်။ 

ခါဘစ်ရဲ့ဖခင်ဖြစ်သူဟာ ခြေလျင်တောင်တက်သွားခဲ့ရာကနေအပြန်မှာ ဖျားနာမှုခံစားခဲ့ရပြီးနောက် ဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ဗိုင်းရပ်စ်မရှိဘူးလို့သိရကာ အိမ်ပြန်ခွင့်ရခဲ့ပေမယ့် နှလုံးရောဂါကြောင့် နောက်ထပ်တစ်ကြိမ်ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ဒါဂက်စတန်ပြည်နယ်ဆေးရုံကနေတဆင့် မော်စကိုတပ်မတော်ဆေးရုံကို

အထူးရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ကာ ကုသစေခဲ့ပြီးနောက် ကိုမာဝင်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကိုမာဝင်ရာကနေ ပြန်လည်ကောင်းမွန်ခဲ့ပေမယ့် ခွဲစိတ်မှုလုပ်ထားရတာ၊ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် စိုးရိမ်ရတဲ့အနေအထားကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က