အလွယ်တကူ သယ်ဆောင်ဆော့ကစားလို့ရခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်း အစရှိတဲ့ အချက်တွေကြောင့် လူများနှစ်သက်သဘောကျကြတာပဲဖြစ်ပါတယ်။

Gamer တွေ မျှော်လင့်စောင့်စားနေတဲ့ဂိမ်းတွေထဲကမှ အကောင်းဆုံးလို့ဆိုနိုင်မယ့် ဂိမ်း ၁၀ မျိုးကို ပြောပြပေးသွားမှာပါ။

ကမ္ဘာကြီးဟာ နေ့စဉ်နဲ့အမျှ တိုးတက်လာတာနဲ့အညီ လူသားတွေရဲ့ နေ့စဉ်လိုအပ်ချက်တွေကလည်း တဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ များပြားလာတဲ့ လိုအပ်ချက်တွေထဲမှာ မိုဘိုင်းဖုန်းတွေဟာလည်း တစ်ခု အပါအဝင်ပဲဖြစ်ပါတယ်။ အဲဒီလို မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက် များလာတာနဲ့အမျှ မိုဘိုင်းဂိမ်းတွေရဲ့ဈေးကွက်ကလည်း အဆမတန်ကျယ်ပြန့်လာခဲ့ပါတယ်။ အဲဒီလို ဈေးကွက်ကကြီးမားလာတာနဲ့အမျှ နာမည်ကျော်ဂိမ်းကုမ္ပဏီတွေရဲ့မျက်စိကျခြင်းကိုလည်းခံလာရပါတယ်။

အခုဆိုရင် နာမည်ကျော်ဂိမ်းကုမ္ပဏီကြီးများဟာ PC, Console အစရှိတဲ့ ပလက်ဖောင်းမျိုးစုံမှာ နာမည်ကြီးခဲ့တဲ့ဂိမ်းတွေကို မိုဘိုင်းဂိမ်းအဖြစ် ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေကြပါပြီ။ အဲဒီထဲမှာ League of Legend ကို မိုဘိုင်းဗားရှင်းထုတ်မယ့် Riot ၊ တစ်ချိန်က နာမည်ကြီးဂိမ်းစီးရီးဖြစ်တဲ့ Diablo ရဲ့ မိုဘိုင်းဗားရှင်း Diablo Immortal ကိုထုတ်မယ့် Blizzard အပြင် အခြားနာမည်ကျော်ဂိမ်းကုမ္ပဏီကြီးများစွာ ပါဝင်နေပါတယ်။ မိုဘိုင်းဂိမ်းတွေဟာ အလွယ်တကူ သယ်ဆောင်ဆော့ကစားလို့ရခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်း အစရှိတဲ့ အချက်တွေကြောင့် လူများနှစ်သက်သဘောကျကြတာပဲဖြစ်ပါတယ်။


အခုတစ်ခါမှာတော့ ဂိမ်မာတွေ မျှော်လင့်စောင့်စားနေတဲ့ဂိမ်းတွေထဲကမှ အကောင်းဆုံးလို့ဆိုနိုင်မယ့် ဂိမ်း ၁၀ မျိုးကို ပြောပြပေးသွားမှာပါ။ အဲဒီဂိမ်းတွေဟာ Release Date အတိအကျထုတ်ပြန်မထားတာကြောင့် ဘယ်နေ့ဘယ်အချိန်ထွက်မယ်ဆိုတာကို မသိနိုင်သေးပါဘူး။ 2019 ခုနှစ်အတွင်း ထွက်မယ်လို့ ကြေညာထားတဲ့ ဂိမ်းတွေဖြစ်ပြီး ဇွန်လတစ်ဝက်ကျိုးတဲ့အချိန်ထိ ထွက်မလာသေးတာကြောင့် ဂိမ်းသမားတွေ လည်ပင်းတရှည်ရှည်နဲ့ စောင့်မျှော်နေရတဲ့ ဂိမ်းတွေလည်းဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ PC, Console ပလက်ဖောင်းတွေပေါ်မှာ နာမည်ကြီးပြီးသားဂိမ်းတွေကို မိုဘိုင်းဗားရှင်းပြန်ထုတ်တဲ့ဂိမ်းတွေ အများအပြား ပါဝင်နေတာလည်း တွေ့ရမှာပါ။


Project Cars Go

ဒီဂိမ်းကတော့ PC, PS4, Xbox One တို့မှာ ထွက်ရှိပြီးသားဖြစ်တဲ့ Project Cars ကို မိုဘိုင်းဗားရှင်းအဖြစ် ပြန်လည်ထုတ်လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ Gameville နဲ့ Slighty Mad Studio တို့က ဒီဂိမ်းကို ထုတ်လုပ်လျက် ရှိပြီး ထွက်ရှိမယ့်ရက် အတိအကျကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ Project Cars Go မှာ ကားအလန်းစားတွေ အများကြီးပါဝင်မယ့်အပြင် အဲဒီကားတွေကိုလည်း ကိုယ်ကြိုက်သလို ပြုပြင်ဖန်တီးလို့ရမှာပဲ ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ဖန်တီးသူတွေက Project Cars ရဲ့အနှစ်သာရဖြစ်တဲ့ စစ်မှန်တဲ့ ပြိုင်ကားမောင်းအတွေ့အကြုံတွေကို ဆက်လက်ပေးစွမ်းသွားနိုင်မှာပါလို့ ကတိပြုထားပါတယ်။

Bad North

Bad North ဟာ PS4, Xbox One, Nintendo Switch တို့မှာထွက်ပြီးသားဂိမ်းပါ။ Strategy ဂိမ်းအမျိုးအစားဖြစ်ပြီး ချစ်စရာကောင်းပြီးရိုးရှင်းတဲ့ ဂရပ်ဖစ်ကလည်း ဒီဂိမ်းကို မဆော့ဆော့ချင်အောင် စွဲဆောင်နေပါသေးတယ်။ Bad North မှာ ကစားသူက ဗိုက်ကင်းတွေရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းကိုခံရမယ့် ကျွန်းတစ်ကျွန်းရဲ့ မင်းသားလေးနေရာကနေ ကစားရမှာပဲဖြစ်ပါတယ်။ ကစားသူကို စစ်တပ်တစ်တပ် ပေးထားမှာဖြစ်ပြီး ကျူးကျော်လာတဲ့ဗိုက်ကင်းတွေကို ဗျူဟာသုံးကာ ခုခံကာကွယ်သွားရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းကိုလည်း 2019 ခုနှစ်ထဲ ထုတ်ပေးမယ်ပြောထားပြီး အခုချိန်ထိတော့ အရိပ်အယောင်တောင် မမြင်ရသေးပါဘူး။

Shadowgun War Games

ဒီဂိမ်းဟာ နာမည်ကျော်မိုဘိုင်းဂိမ်းစတူဒီယို Madfinger Games ရဲ့ Shadowgun Universe အတွင်းမှ စတုတ္ထမြောက်ဂိမ်းပဲ ဖြစ်ပါတယ်။ 2011 မှာထွက်ခဲ့တဲ့ Shadowgun ရဲ့အောင်မြင်မှုနဲ့အတူ Shadowgun Deadzone, Shadowgun Legends ဆိုပြီး နောက်ဆက်တွဲဂိမ်းနှစ်ခုလည်း ထွက်ရှိထားပါသေးတယ်။ Shadowgun War Games မှာတော့ ကစားသမား ၁၀ ယောက် ပါဝင်ကစားရမှာဖြစ်ပြီး ၅ ယောက်တစ်ဖွဲ့စီ Arena ကြီးထဲမှာ သေနတ်တွေနဲ့ပစ်ခတ်ရင်း အလံလုရမယ့်ဂိမ်းပဲဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ Release Date ကိုတော့ ထုံးစံအတိုင်း အတိအကျပြောမထားပေမယ့် မကြာခင်ထုတ်ပေးမယ့် Closed Beta ဗားရှင်း ဆော့ချင်ရင်တော့ အောက်ကပေးထားတဲ့လင့်မှာ Sign Up အရင်ပြုလုပ်ထားရမှာပဲဖြစ်ပါတယ်။

https://www.madfingergames.com/shadowgun/wargames/

Mario Kart Tour

ဒီဂိမ်းကတော့ Nintendo ကထုတ်တဲ့ မာရီယိုပြိုင်ကားမောင်းတဲ့ဂိမ်းပဲဖြစ်ပါတယ်။ ကစားသူတွေ လွယ်ကူစွာ ကစားနိုင်မယ့်အပြင် ဂိမ်းထဲမှာ ဇာတ်ကောင် အကောင်၃၀၊ ပြိုင်ကား ၂၀ မျိုးပါဝင်မှာဖြစ်တာကြောင့် ကိုယ့်စိတ်တိုင်းကျရွေးယူဆော့ကစားနိုင်မှာပါ။ လောလာဆယ်မှာတော့ ဒီဂိမ်းကို အမေရိကန်နဲ့ဂျပန်မှာ Closed Beta Version ကိုပေးကစားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Mario Kart Tour ဟာ ဇွန်လနှောင်းပိုင်းနဲ့ စက်တင်ဘာလအကြားထဲမှာ ထွက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Gears Pop

Gears Pop က XBox ရဲ့ Gears of War Franchise ကိုအခြေခံထားတဲ့ဂိမ်းပဲဖြစ်ပါတယ်။ ဒီမိုဘိုင်းဗားရှင်း မှာတော့ Gears of War ထဲက ဇာတ်ကောင်တွေနဲ့ Funko Pop အရုပ်လေးတေ ွပေါင်းစပ်ထားတာကို အစွဲပြုပြီး Gears Pop လို့ခေါ်ဆိုရခြင်းပဲ ဖြစ်ပါတယ်။ Gears Pop က Multiplayer ဂိမ်းဖြစ်ပေမယ့် ဗျူဟာအသစ်တွေကို စမ်းချင်တဲ့အခါ ဒါမှမဟုတ် Squad အသစ်ကိုစမ်းချင်တဲ့အခါမှာ AI တွေနဲ့ဆော့ကစားနိုင်တယ်လို့သိရပါတယ်။ ဒီဂိမ်းကို နိုင်ငံအချို့မှာဖြန့်ချိပြီးပြီဆိုပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဘယ်အချိန်မှာ ထွက်လာမလဲ ဆိုတာ အတိအကျမသိရသေးပါဘူး။

Pay Day: Crime War

ဂိမ်းသမားတိုင်းလိုလို နာမည်ကျော် First Person Shooter ဂိမ်းဖြစ်တဲ့ Pay Day ကို မဆော့ဖူးရင်တောင် နာမည်တော့ကြားဖူးမှာပါ။ PC, Console ပလက်ဖောင်းအစုံမှာ ထွက်ရှိခဲ့ဖူးတဲ့ဒီဂိမ်းဟာ နောက်ဆုံးတော့ မိုဘိုင်းဖုန်းတွေအပေါ် ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ Multiplayer Online ဂိမ်းဖြစ်ပြီး အဖွဲ့နှစ်ဖွဲ့ပါဝင်ပါမယ်၊ တစ်ဖွဲ့က လုယက်မှုကျူးလွန်ရမယ့် ရာဇဝတ်သားတွေအဖြစ် ဆော့ကစားရမှာဖြစ်ပြီး နောက်တစ်ဖွဲ့ကတော့ သူတို့ကိုဟန့်တားမယ် SWAT အဖွဲ့ဝင်တွေအဖြစ် ကစားရမှာပါ။ ဒီဂိမ်းရဲ့ Realease Date ကို အတိအကျ မပြောပေမယ့် ဂိမ်းဖန်တီးတဲ့စတူဒီယိုက အခုချိန်မှာ Closed Beta ဗားရှင်းတွေကို စမ်းသပ်ဆော့ကစားနေတယ် လို့သိရတာကြောင့် ထွက်ဖို့ သိပ်စောင့်ရတော့မှာ မဟုတ်ပါဘူး။

H1Z1

ဒီဂိမ်းကတော့ PUBG တို့ Fortnite တို့လို Battle Royale ဂိမ်းအမျိုးစားပဲဖြစ်ပါတယ်။ PS4 နဲ့ PC တို့မှာရှိပြီးသားဂိမ်းဖြစ်ပြီး သူ့ပြိုင်ဘက်တွေဖြစ်တဲ့ PUBG နဲ့ Fortnite လောက်နာမည်မကြီးပေမယ့် ကစားသူ ပရိသတ်အရေအတွက် သန်းဂဏန်းခန့်ကို ပိုင်ဆိုင်ထားတဲ့ဂိမ်းလည်းဖြစ်ပါတယ်။ Gameplay ပိုင်းကတော့ Battle Royale တွေရဲ့မြင်တွေ့နေကြ Gameplay အတိုင်းပဲဖြစ်တာကြောင့် ထွေထွေထူးထူးရှင်းပြနေဖို့ မလိုဘူးလို့ထင်ပါတယ်။ မိုဘိုင်းဗားရှင်းဟာ လောလောဆယ်ထုတ်လုပ်နေဆဲအဆင့်မှာရှိနေပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Diablo Immortal

ဒီဂိမ်းကတော့ တစ်ချိန်က Oldie Gamer တွေရဲ့အသည်းစွဲ Diablo Series ကိုဆက်ပြီး မိုဘိုင်းဂိမ်းအဖြစ် ဖန်တီးထားခြင်းပဲဖြစ်ပါတယ်။ ဒီဂိမ်းကို မိုဘိုင်းဂိမ်းအဖြစ်ထုတ်မယ်လို့ ကြေညာလိုက်တုန်းကလည်း တော်တော်လေး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပါသေးတယ်။ အကြောင်းအရင်းကတော့ Hardcore ပရိသတ်တွေအနေနဲ့ အစောင့်ကြီးစောင့်ခဲ့ရပြီးမှ မိုဘိုင်းပလက်ဖောင်းမှာပဲ အသစ်ထုတ်မယ်ဆိုတာကြောင့်ပဲ ဖြစ်ပါတယ်။ ပွဲထဲမှာတင်ကို ဒီသတင်းကြေညာလို့အပြီးမှာ April Fool လုပ်နေတာလားဗျာ ဆိုပြီး ထမေးကြတဲ့ အထိပါပဲ။ ဘာပဲပြောပြော Action-RPG ဂိမ်းတွေကိုကြိုက်တဲ့သူတွေကိုတော့ ဒီဂိမ်းက ဖမ်းစားနေဦးမှာပဲ ဖြစ်ပါတယ်။ Diablo Immortal ကို Playstore မှာ List လုပ်ထားပြီးပေမယ်လို့ ထွက်ရှိမယ့်ရက်အတိအကျကို မသိရသေးပါဘူး။

Call of Duty Mobile

နာမည်ကြီး သေနတ်ပစ်ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ Call of Duty ကိုတော့ အထူးတလည် မိတ်ဆက်နေစရာတောင် မလိုတော့ဘူးလို့ ထင်ပါတယ်။ COD Mobile ဟာ Free to Play Multiplayer ဂိမ်းဖြစ်ပြီး Free-For-All, Frontline, Team Deathmatch, Hardpoint, နဲ့ Domination ဆိုတဲ့ Game Mode ငါးမျိုး ပါဝင်လာမယ့်အပြင် Battle Royale Mode ကိုပါ ထည့်သွင်းပေးထားမယ်လို့ ကြေညာထားပါတယ်။ COD Mobile ရဲ့ Beta Version ကိုတော့ အိန္ဒိယအပါအဝင် အချို့နိုင်ငံတွေမှာ ပေးဆော့ထားတယ်လို့သိရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတောင် ဟိုတလောလေးကမှ VPN ကျော်ပြီး ကစားကြည့်တဲ့သူတွေကို တွေ့လိုက်ရပါသေးတယ်။ ဂိမ်းရဲ့ ဂရပ်ဖစ်က အရမ်းကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေကိုလည်း ကြားသိရပါတယ်။ အဲဒီလိုဆော့ပြီး သိပ်မကြာခင်ပဲ ဂိမ်းဆာဗာကနေ Update ပြုလုပ်လိုက်တဲ့အတွက် နောက်ပိုင်းဆော့မရတော့ဘူး လို့လည်း ထပ်မံသိရပါသေးတယ်။ Beta Version ကိုတောင် စမ်းသပ်နေတာကြာပြီဆိုတော့ မကြာခင်မှာပဲ Official Version ထွက်လာဖို့ဟာသေချာသလောက်ပါပဲ။

Harry Potter: Wizards Unite

နောက်ဆုံးနဲ့ လူတွေအမျှော်ရဆုံးဂိမ်းလို့ ဆိုရမှာကတော့ Harry Potter : Wizards Unite ပဲဖြစ်ပါတယ်။ အားလုံးပဲ Pokemon Go ခေတ်စားခဲ့တဲ့ 2016 – 17 ကာလများကို မှတ်မိကြမှာပါ။ ဒီ Harry Potter : Wizards Unite ကို Pokemon Go ခေတ်စားပြီး သိပ်မကြာခင်မှာပဲ ထွက်မယ်ဆိုပြီး ကြေညာခဲ့တာပါ။ ဂိမ်းနှစ်ခုစလုံးရဲ့ Developer ကတော့ Niantic ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ နာမည်ကျော်စာရေးဆရာမ J.K. Rowling ရဲ့ Harry Potter စာအုပ်တွေကိုအခြေခံပြီး ထုတ်ထားတဲ့ဂိမ်းပဲဖြစ်ပါတယ်။ Gameplay ပိုင်းမှာတော့ Pokemon Go နဲ့အတူတူလောက် ဖြစ်မှာပါ။

 

Harry Potter ဟာ ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိ ကျွန်တော်တို့အပေါ်ကို လွှမ်းမိုးမှုရှိတဲ့ ဇာတ်ကောင်တစ်ခုပါ။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းလုံးမှာလည်း Potterhead လို့ခေါ်တဲ့ Harry Potter ပရိသတ်တွေ အမျာကြီးရှိနေပါသေးတယ်။ Harry Potter : Wizards Unite ဟာ ကိုယ့်ကို မှော်လောကထဲ ရောက်သွားသလို ခံစားရစေမယ့်ဂိမ်းမျိုးဖြစ်တာကြောင့် လူအများအပြား စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ ဒီဂိမ်းကို နယူးဇီလန်တစ်နိုင်ငံတည်းမှာတင် ဖြန့်ချိထားပြီး တစ်ကမ္ဘာလုံးကိုဘယ်အချိန်မှ ဖြန့်ချိမလဲဆိုတာကို မသိရသေးပါဘူး။ ဒါပေမယ့် ကြေညာထားတာဟာလည်း အရမ်းကိုကြာခဲ့ပြီဖြစ်တာကြောင့် သိပ်မကြာခင်မှာ ထွက်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။

Written by မျိုးသန့်ကျော်



က္က