အာဂျင်တီးနားသမ္မတက တောင်းဆိုသွားခဲ့တာပါ။
Pyae Phyo Thein

မက်ဆီကတော့ လက်ရှိမှာ ဘောလုံးသတင်းဌာနတွေရဲ့ ခေါင်းကြီးသတင်းပိုင်းတွေကို အပိုင်စားရယူထားပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေက ပလူပျံနေခဲ့ပါတယ်။


အာဂျင်တီးနားသမ္မတအယ်လ်ဘာတိုဖာနန်ဒက်ဇ်က ဘာစီလိုနာကနေ ထွက်ခွာမယ့် အာဂျင်တီးနားကြယ်ပွင့် မက်ဆီကို မွေးရပ်မြေမှာ ပြန်လာကစားဖို့ ဖိတ်ခေါ်လိုက်ပြီဖြစ်ပါတယ်။ အသင်းဟောင်းနယူးဝဲလ်အိုးဘွိုင်းမှာ ကစားပြီး ကစားသမားဘဝကို အဆုံးသတ်ဖို့ သမ္မတတိုက်တွန်းခဲ့ပြီး မက်ဆီရဲ့ကစားပုံကို မတွေ့ဖူးသေးသူတွေအတွက် အခွင့်အရေးပေးသင့်တယ်လို့ ပြောဆိုသွားခဲ့တာပါ။ 

မက်ဆီကတော့ လက်ရှိမှာ ဘောလုံးသတင်းဌာနတွေရဲ့ ခေါင်းကြီးသတင်းပိုင်းတွေကို အပိုင်စားရယူထားပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေက ပလူပျံနေခဲ့ပါတယ်။ ဘာစီလိုနာကနေထွက်ခွာခွင့်ပေးဖို့ အသင်းကိုတောင်းဆိုပြီးနောက်ပိုင်းမှာ မက်ဆီရဲ့အနာဂတ်က ဘယ်ကိုသွားမှာလဲဆိုတာ အားလုံးက စိတ်ဝင်စားနေခဲ့ကြပါတယ်။ 

မန်စီးတီး၊ ပီအက်စ်ဂျီ၊ ဂျူဗီ၊ အင်တာတို့လို ထိပ်သီးအသင်းတွေကလည်း မက်ဆီကိုခေါ်ယူချင်နေပြီး ဘာစီလိုနာကတော့ ယူရိုသန်း ၇၀၀ လျော်ကြေးပေးရင် ခေါ်ယူနိုင်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ဒီအချိန်မှာ အာဂျင်တီးနားသမ္မတဖာနန်ဒက်ဇ်က မက်ဆီကို တောင်းဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဇာတ်လမ်းက ပိုပြီးတော့စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ 

"မင်းက ငါတို့ရဲ့နှလုုံးသားထဲမှာပါ၊ မင်းငါတို့ နိုင်ငံအတွင်းမှာကစားတာကို ငါတို့လုံးဝမမြင်ဖူးသေးဘူး၊ နယူးဝဲလ်နဲ့အတူ မင်းရဲ့ကစားသမားဘဝကို အဆုံးသတ်ပြီး ငါတို့အားလုံးကို ပျော်ရွှင်မှုတွေဖြစ်စေမှာပါ၊ နယူးဝဲလ်က မင်းအသင်းပါပဲ" လို့ သမ္မတအယ်လ်ဘာတိုဖာနန်ဒက်ဇ်က အာဂျင်တီးနားသတင်းဌာန C5N ကနေ ပြောဆိုခဲ့ပြီး မက်ဆီကိုတောင်းဆိုခဲ့ကြောင်း သိရပါတယ်။ 

ဖာနန်ဒက်ဇ်ဟာ မာရာဒိုနာရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ဘောလုံးပွဲတွေကို ကြည့်ရှုလေ့ရှိသူလို့လည်း သိရပြီး အခုအခါသူ့ရဲ့ပြောဆိုမှုတွေက နယူးဝဲလ်အသင်းကိုလည်း မျှော်လင့်ချက်တွေရှိလာစေခဲ့ပြီဖြစ်ပါတယ်။ နယူးဝဲလ်ပရိသတ်တွေကလည်း မက်ဆီပြန်လာဖို့အတွက် ကြိုဆိုမှုတွေ၊ တောင်းဆိုမှုတွေကို အာဂျင်တီးနားမှာ ပြုလုပ်နေခဲ့ကြပါတယ်။ 


Author


က္က