ဆောက်သမ်တန်အသင်းနဲ့ ရာသီကြို ခြေစမ်းခရီးစဉ် မလိုက်သွားပါဘူး။
Kyaw Ko Ko Sint

မည်သည့်အသင်းပဲရောက်ရောက် ကစားရဖို့သာ အရေးကြီးပြီး နှစ်သင်းစလုံးမှာ ယူရိုပါလိဂ် ကစားရမှာဖြစ်လို့ အဆင်ပြေကြောင်း လီမီနာက ပြောခဲ့ပါတယ်။

ဆောက်သမ်တန် ကွင်းလယ်လူ မာရီယို လီမီနာကတော့ အသင်းကထွက်ခွာဖို့ အဆင်သင့်ပဲလို့ အတည်ပြု ပြောကြားလိုက်ကြောင်း Metro.com သတင်းဌာနက ဖော်ပြပါတယ်။



အသက် ၂၅ နှစ်အရွယ် အဆိုပါ ကွင်းလယ်လူကို အာဆင်နယ်နဲ့ မန်ယူအသင်းတို့က အပြိုင်စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကလည်း ဆောက်သမ်တန်က ထွက်ခွာချင်တာကြောင့် အသင်းရဲ့ ရာသီကြို ခြေစမ်း ခရီးကိုတောင် လိုက်ပါခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဆောက်သမ်တန်အသင်းကလည်း လီမီနာကို ပေါင် ၁၈ သန်းနဲ့ ရောင်းထုတ်ဖို့ ဈေးဖွင့်လိုက်ပြီလို့ သိရပါတယ်။

“အသင်းနဲ့ အတူမလိုက်သွားပေမယ့် တစ်ဦးတည်းကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေကိုတော့ လုပ်ဆောင်နေပါတယ်။ နည်းပြနဲ့ သဘောတူညီမှု ယူထားပြီးတာကြောင့် အသင်းနဲ့ အတူမရှိတော့တာပါ။ သူက အသင်းကို သူရှိစေချင်တဲ့ ကစားသမားတွေနဲ့ပဲ တည်ဆောက်ချင်တယ်လို့ ဆိုပါတယ်၊ ကျွန်တော်တို့ကိုလည်း အသင်းက ချန်လှပ်ထားပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တည်းက ဒီနွေရာသီမှာ အသင်းက ထွက်ခွာချင်တယ်လို့ ပြောထားပြီးသားပါ၊” လို့ လီမီနာက ပြင်သစ်ဘောလုံး မီဒီယာနဲ့ အင်တာဗျူးမှာ ပြောခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မန်ယူနဲ့ အာဆင်နယ်တို့ နှစ်သင်းက လီမီနာကို စိတ်ဝင်စားနေသလို ကစားသမား ကိုယ်တိုင်ကလည်း ဘယ်အသင်းမှာ ဖြစ်ဖြစ် ယူရိုပါလိဂ် ကစားရမှာဖြစ်လို့ ကစားချင်တယ်လို့ ဖွင့်ဟထား တယ်လို့ သိရပါတယ်။

ဂါဘွန် လက်ရွေးစင် တစ်ဦးဖြစ်တာနဲ့အညီ ဂါဘွန်လက်ရွေးစင် ကစားဖော် ရှိနေတဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာမလား၊ မန်ယူအသင်းကိုပဲ ပြောင်းရွှေ့မလားဆိုတာကတော့ နှစ်သင်းရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်နေလို့လည်း သတင်းတွေက သုံးသပ်နေပါတယ်။

ဘယ်အသင်းမှာပဲ ဖြစ်ဖြစ် ကစားရဖို့သာ အရေးကြီးတာ ဖြစ်ပြီး ဂျူဗင်တပ်လို အသင်းကနေ ဆောက်သမ် တန်ကို ပြောင်းရွှေ့လာတာကလည်း ကစားခွင့်ရဖို့ တစ်ခုတည်းအတွက် ပြောင်းရွှေ့လာခဲ့တာ ဖြစ်တယ်လို့ လီမီနာက ဆက်လက်ပြောခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က