အသင်းရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်တယ်လို့ ပြောသွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး လူကာကူက သူ့ရဲ့ အနာဂတ်ဟာ အသင်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စကော့တလန်နဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ဘယ်လ်ဂျီယံအတွက် အနိုင်ဂိုးနှစ်ဂိုးယူပေးပြီးတဲ့နောက်မှာ လူကာကူက ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သွင်းဂိုး (၁၂)ဂိုးသာ ရရှိခဲ့ပေမယ့်လည်း နိုင်ငံအသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ (၂၁)ပွဲ (၂၄)ဂိုးအထိ သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ လူကာကူက သူ့ရဲ့အနာဂတ်ကို အသင်းကသာ ဆုံးဖြတ်ပေးလိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

စကော့တလန်နဲ့ပွဲအပြီးမှာ လူကာကူကို ယူနိုက်တက်မှာ ဆက်ရှိနေမှာလားလို့ မေးမြန်းခဲ့ရာမှာ "ကလပ်အသင်းပေါ် မူတည်ပါတယ်၊ ဒါကို အသင်းကပဲ ကြေညာချက်ထုတ်ပြန်မှာပါ၊ ကျွန်တော် ဒီနေရာမှာ ဘယ်လိုကောလာဟလမျိုးကိုမှ ဖျော်ဖြေပေးသွားမှာမဟုတ်ပါဘူး၊ ကျွန်တော်ဘောလုံးကောင်းကောင်းကစားဖို့နဲ့ နိုင်ပွဲရဖို့အတွက်ပဲ ရည်ရွယ်ပါတယ်" လို့ လူကာကူက ပြန်လည်ဖြေဆိုခဲ့ပါတယ်။

လူကာကူဟာ ၂၀၁၇ ခုနှစ်မှာ အဲဗာတန်ကနေ ယူနိုက်တက်ကို မော်ရင်ဟိုရဲ့ ခေါ်ယူမှုနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ (၂)ရာသီကြာကစားပေးထားပြီး အသင်းနဲ့ စာချုပ်သက်တမ်း (၃)နှစ်ကျန်ရှိနေသေးသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်ရှားက ဗဟိုတိုက်စစ်မှူးအဖြစ် ရက်ရှ်ဖို့ဒ်ကို ပိုမိုဦးစားပေးနေလို့ လူကာကူအတွက် ပုံမှန်ကစားခွင့်က ရှားပါးခဲ့ပါတယ်။

စီးရီးအေကလပ် အင်တာမီလန်က လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကလည်း စီးရီးအေမှာ ကစားဖို့ အိပ်မက်ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ဖို့ လူကာကူ ရုန်းကန်နေရပေမယ့်လည်း ဘယ်လ်ဂျီယံမှာတော့ လူကာကူက နှစ်ပွဲကို တစ်ဂိုးနှုန်းသွင်းယူကာ ခြေစွမ်းပြနေခဲ့ပါတယ်။



က္က