ယူရိုသန်း ၁ဝဝနဲ့ ကမ်းလှမ်းခဲ့တယ်ဆိုပါတယ်။
Pyae Phyo Thein

ယူနိုက်တက်ဘက်က ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး နာမည်ကျော်အေးဂျင့်ဂျော့မန်ဒက်စ်က ပါဝင်ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာလူငယ်ကြယ်ပွင့် အန်ဆူဖာတီကို ယူရိုသန်း ၁ဝဝနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာဘက်က ငြင်းဆန်ခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။ ယူနိုက်တက်ဘက်က ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး နာမည်ကျော်အေးဂျင့်ဂျော့မန်ဒက်စ်က ပါဝင်ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

စပိန်သတင်းစာ AS နဲ့ SPORT တို့က ဖော်ပြခဲ့ရာမှာ ယူနိုက်တက်ဘက်က ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့ပြီး ဘာစီလိုနာက ချက်ချင်းဆိုသလို ပယ်ချခဲ့တာလို့ သိရပါတယ်။ ကတ်တလန်ဒေသအခြေစိုက် SPORT သတင်းဌာနက အန်ဆူဖာတီရဲ့ တန်ဖိုးကို ဂျော့မန်ဒက်စ်က စုံစမ်းမေးမြန်းခဲ့ပြီး ယူနိုက်တက်အတွက် အကျိုးဆောင်ပေးခဲ့ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဘာစီလိုနာကတော့ သူတို့ကစားသမားကို လက်လွှတ်ခံမှာမဟုတ်ဘူးလို့ မန်ဒက်စ်ကို အသိပေးခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁ရဝအထိ ပေးချေမှရရှိနိုင်မယ်လို့လည်း သတိပေးခဲ့ပါတယ်။ ဖာတီကတော့ ဘာစီလိုနာရဲ့ အနာဂတ်ကစားသမားလို့ သတ်မှတ်ခံထားရပြီး အသင်းအကယ်ဒမီက ထွက်ပေါ်လာခဲ့ပြီးနောက် အသင်းကြီးအတွက် ကစားပေးခွင့်ရရှိနေခဲ့သူဖြစ်ပါတယ်။

ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၄ ပွဲအထိ ကစားပေးထားခဲ့ပြီး ၅ ဂိုးအထိ ဖာတီက သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ မက်ဆီမရှိတော့တဲ့ အသင်းအနာဂတ်အတွက် ဘာစီလိုနာက ပြင်ဆင်မှုတွေကို ကြိုတင်ပြုလုပ်နေပြီဖြစ်ရာမှာ ဖာတီက အဓိကအခန်းကဏ္ဍကနေပါဝင်နေတယ်လို့လည်း သိရပြီး နူးကမ့်ကလပ်က အလွယ်တကူရောင်းချသွားဖို့မရှိဘူးလို့ ဆိုပါတယ်။ 

အသက် ၁၇ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ စံချိန်ကောင်းတချို့ကို ပိုင်ဆိုင်ထားခဲ့ပြီး လာလီဂါသမိုင်းမှာ တစ်ပွဲတည်းမှာပဲ တစ်ဂိုးသွင်းယူကာ တစ်ကြိမ်ဖန်တီးပေးခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့သလို ဘာစီလိုနာသမိုင်းမှာလည်း အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် အသက် ၁၆ နှစ် နဲ့ ၃၁၈ ရက်မှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ အဆိုပါမှတ်တမ်းနှစ်ခုကို ဗလန်စီယာနဲ့ကစားခဲ့တဲ့ ၅-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရယူနိုင်ခဲ့တာပါ။ 


Author


က္က