ရီးရဲလ် နဲ့ ဘိုင်ယန်မှာဆုံတွေ့ခဲ့ပြီး နာပိုလီမှာပါ လက်တွဲရတော့မှာပါ။

နာပိုလီအားကစားဒါရိုက်တာ ခရစ္စတီယာနိုဂီအန်တိုလီဟာ မက်ဒရစ်ကိုရောက်ရှိနေပြီး အပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့်ဆောင်ရွက်မှုတွေကို ပြုလုပ်နေပါတယ်။

နာပိုလီအသင်းဟာ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ နာပိုလီအားကစားဒါရိုက်တာ ခရစ္စတီယာနိုဂီအန်တိုလီဟာ မက်ဒရစ်ကိုရောက်ရှိနေပြီး အပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့်ဆောင်ရွက်မှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။


ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် ရီးရဲလ်မက်ဒရစ်က ယူရို (၄၂)သန်းအထိ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နာပိုလီက ကနဦးအငှားခေါ်ယူပြီးမှ အပြီးသတ်ဝယ်ယူခွင့်သဘောတူညီမှုကို ထည့်သွင်းချုပ်ဆိုချင်နေတယ်လို့ သိရပါတယ်။ အသင်းနှစ်သင်းကြားမှာ အဆိုပါအချက်အလက်ကိုပဲ အဓိကထားညှိနှိုင်းနေရတာလည်း ဖြစ်ပါတယ်။

"ကျွန်တော်တို့က ထိပ်တန်းအရည်အသွေးနဲ့ ကစားနိုင်ဖို့ကို အဓိကထားပါတယ်၊ ဒီလိုပုံစံနဲ့ကစားနိုင်ဖို့ကိုပဲ ကစားသမားတွေကို ရွေးချယ်အသုံးပြုသွားမှာပါ၊ ဂျိမ်းစ်က ဘယ်လိုကစားသမားလဲ၊ ဘယ်လိုအရည်အသွေးတွေကို သယ်ယူလာနိုင်မလဲဆိုတာ ကျွန်တော်သိပါတယ်၊ ကံမကောင်းစွာနဲ့ပဲ သူက လောလောဆယ်မှာ နာပိုလီကစားသမားတစ်ယောက် ဖြစ်မနေပါဘူး" လို့ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းကပဲ နည်းပြအန်ဆယ်လော့တီက ပြောခဲ့ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ နာပိုလီတို့ရဲ့ အပြောင်းအရွှေ့အတည်ပြုချက်ကို ဒီနေ့မှာ ကြေညာသွားဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။ ရီးရဲလ်အနေနဲ့ ဂျိမ်းစ်ကို နွေရာသီမှာ ပြန်လည်ရောင်းချသွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကာ နောက်ထပ်ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်တဲ့ ပြောင်းရွှေ့ကြေးကို အထောက်အကူဖြစ်ဖိ့ု မျှော်လင့်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ကိုလံဘီယာနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲကို ဝင်ရောက်ကစားပေးခဲ့ပြီးနောက် အားလပ်ရက်အဖြစ် အနားယူနေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း သူ့ရဲ့အပြောင်းအရွှေ့ကို အေးဂျင့်ဂျော့မန်ဒက်စ်နဲ့ လွှဲထားပြီး အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိဖို့ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က