ဒီနေ့က နောက်ဆုံးနေ့ရက်ဖြစ်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ (ဒီနေ့)မှာ စျေးကွက်ပိတ်သိမ်းဖြစ်ပါတယ်။ Deadline Day လို့ လူသိများထင်ရှားပြီး ဒီလိုနေ့မှာဆိုရင် ရာသီသစ်အတွက် ကစားသမားသစ်တွေခေါ်ယူမှု နောက်ဆုံးအနေနဲ့ ပြုလုပ်ရမှာမို့ အသင်းတိုင်းက အင်တိုက်အားတိုက်နဲ့ လှုပ်ရှားကြကာ အပြောင်းအရွှေ့တွေ အများအပြားဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါကြောင့် လက်ရှိအချိန်ထိ ပြောင်းရွှေ့နိုင်ချေရှိတဲ့ နာမည်ကျော်ကစားသမားတွေရဲ့ အပြောင်းအရွှေ့တချို့ကို အတိုချုပ်ဖော်ပြပေးလိုက်ပါတယ်။


မွိုက်ကီးန်



ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့တိုက်စစ်မှူးဟောင်း မွိုက်ကီးန်ကို အဲဗာတန်ကနေ အငှားနဲ့ပြန်ခေါ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီမှာ အငှားနဲ့သွားကစားခဲ့တဲ့ ဒီတိုက်စစ်မှူးရဲ့ ခြေစွမ်းက အားကိုးရမယ့်အနေအထားမှာရှိနေပြီး ရော်နယ်ဒိုကို ရောင်းထုတ်ပြီးနောက် ဂျူဗီက ချက်ချင်းပဲ ခေါ်ယူအားဖြည့်သွားခဲ့တာဖြစ်ကာ ခေါ်ယူနိုင်ကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ တဆက်တည်းမှာပဲ ရော်နယ်ဒို အသင်းကထွက်ခွာပြီလို့ ဂျူဗီဘက်က ကြေညာခဲ့ပါတယ်။ 


အီမာဆန်

ဘာစီလိုနာအသင်းရဲ့ ခံစစ်အစွန်လူကို ခေါ်ယူဖို့ တော့တင်ဟမ်ကလည်း သဘောတူညီမှုရသွားပြီလို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလိုက်ပါတယ်။ သူ အတည်ပြုနိုင်ကြောင်း ရေးသားဖော်ပြခဲ့ပြီး ယူရိုသန်း ၃၀ နဲ့ သဘောတူခဲ့တာလို့ဆိုကာ အပိုဆုကြေးလည်းပါဝင်တယ်လို့ သိရပါတယ်။ စာရွက်စာတမ်းကိစ္စတွေကို အပြီးသတ်လုပ်ဆောင်နေပြီး မကြာခင် ဆေးစစ်မှုခံယူကာ စာချုပ်ချုပ်ဆိုတော့မှာဖြစ်ပါတယ်။ 


ယာအိုဖိလစ်

ဘာစီလိုနာက ယာအိုဖိလစ်အတွက် အက်သလက်တီကိုမက်ဒရစ်ကို ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးညှိနှိုင်းပေးမယ်ဆိုတာကိုတောင်မှ အက်သလက်တီကိုက လက်မခံခဲ့တာပါ။ ယာအိုဖိလစ်က သူတို့ရဲ့အနာဂတ်ကစားသမားလို့ ဆီမြွန်နီက သတ်မှတ်ထားပြီး ရောင်းချဖို့အတွက် စိတ်မဝင်စားဘူးလို့ ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ 


ဘယ်လာရင်

အာဆင်နယ်နောက်ခံလူဟာ အသင်းကြီးတွေနဲ့သတင်းမထွက်ခဲ့ဘဲ ရီးရဲလ်ဘက်တစ်နဲ့ နာမည်ထွက်နေပါတယ်။ လက်ရှိအချိန်ထိတော့ အပြောင်းအရွှေ့မဖြစ်သေးပေမယ့် နီးစပ်မှုရှိနေပြီး ဘယ်လာရင်ရဲ့ဖခင်ဟာ ဘက်တစ်အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ဒီအချက်က အပြေင်းအရွှေ့ဖြစ်လာနိုင်တယ်လို့ စပိန်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Chris Wheatley က ဆိုပါတယ်။ 


ကူအန်ဒီ

ဆီဗီလာကတော့ သူတို့ရဲ့နောက်ခံလူအတွက် ချယ်လ်ဆီးဆီကကနေ ယူရိုသန်း ၇၀ အထိတောင်းဆိုနေပါတယ်။ ယူရို ၅၅ သန်းနဲ့ ကမ်းလှမ်းခဲ့မှုကို ငြင်းဆန်ခဲ့တယ်လို့ L'Equipe ဂျာနယ်လစ် Nabil Djellit က ဖော်ပြခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပြင်သစ်နောက်ခံလူကို ဝက်စ်ဟမ်းဆီရောက်သွားတဲ့ ဇူးမားနေရာအတွက် ချယ်လ်ဆီးကအလိုရှိနေပြီး ဆီဗီလာဘက်က တောင်းဆိုမှုကြောင့် အခက်တွေ့နေပါတယ်။ 


ရီနာတိုဆန်းချက်စ်


ပေါ်တူဂီနဲ့ ယူရိုမှာခြေစွမ်းပြခဲ့တဲ့ ရီနာတိုဆန်းချက်စ်ကတော့ ဝုလ်ကို ရောက်ရှိဖို့ နီးစပ်နေတယ်လို့ Talksport က ဆိုပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ဆွမ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသူပါ။ လိုင်လီမှာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့ပြီး အမှတ်ပေးဖလားကို ရယူနိုင်ခဲ့ပြီး ဝုလ်နည်းပြသစ် ဘရူနိုလာဂီက တော်တော်လေးအထင်ကြီးနေပြီး ခေါ်ယူချင်နေပါတယ်။ 



က္က