အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ချင်နေတာပါ။
Pyae Phyo Thein

ပီအက်စ်ဂျီအသင်းကနေ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့နိုင်မယ်ဆိုရင် လက်ရှိရရှိနေတဲ့ လစာငွေရဲ့ထက်ဝက်အထိကို လျှော့ယူသွားဖို့အတွက် နေမာကဆုံးဖြတ်ထားကြောင်းသိရပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်ဟာ နူးကမ့်မှာ ၄ နှစ်ကြာကစားခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သူဖြစ်ပါတယ်။

စပိန်သတင်းစာ Mundo Deportivo က နေမာအနေနဲ့ ကတ်တာလန်ဒေသခံအသင်းဆီပြောင်းရွှေ့ဖို့အတွက် ဘာမဆိုလုပ်ဖို့ဆုံးဖြတ်ထားပြီးကြောင်း ဖော်ပြခဲ့ပြီး လစာငွေလျှော့ယူဖို့ပါ ရည်ရွယ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ နေမာဟာ ပီအက်စ်ဂျီမှာ တစ်ပတ်လုပ်ခ ပေါင်ခြောက်သိန်းအထိရရှိနေတာဖြစ်ပြီး ဘာစီလိုနာမှာ ပေါင်သုံးသိန်းသာယူဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ 

နေမာအနေနဲ့ ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ လုပ်အားခလျှော့ယူပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ ပြင်သစ်ကလပ်က လစာငွေလျှော့ယူဖို့တောင်းဆိုခဲ့မှုကိုတော့ ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ စာချုပ်သစ် ကမ်းလှမ်းထားမှုကိုလည်း ငြင်းဆိုထားပြီး အသင်းပြောင်းရွှေ့ဖို့ကိုသာ ယတိပြတ်ဆုံးဖြတ်ထားတယ်လို့ သတင်းတွေထွက်နေပါတယ်။

လက်ရှိမှာ သူနဲ့ ပီအက်စ်ဂျီအသင်းကြားစာချုပ်က ၂၀၂၂ ခုနှစ်အထိရှိနေပြီး စာချုပ်သစ်ကမ်းလှမ်းမှုမှာ ၂၀၂၅ ခုနှစ်အထိဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် နေမာကတော့ ဘာစီလိုနာနဲ့ပြန်လည်ပူးပေါင်းဖို့ကို အာရုံစိုက်နေပြီး လာမယ့်နွေရာသီမှာတော့ ဒီရည်ရွယ်ချက်ကို မဖြစ်မနေအကောင်အထည်ဖော်သွားဖို့လည်း ရှိနေပါတယ်။ နေမာကတော့ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၂၂ပွဲသာ ကစားပေးထားပေမယ့် ၁၈ ဂိုးသွင်းယူကာ ၁၀ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က