ဘာစီလိုနာက စာချုပ်ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ပြောင်းသွားခဲ့တာပါ။
Pyae Phyo Thein

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာလူအငယ်အသင်းက နောက်ခံလူမာ့ဂျူရာဒိုကို ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ စပိန်သတင်းစာ SPORT ရဲ့ ဖော်ပြချက်အရ ဂျူရာဒိုဟာ ဧပြီလအတွင်းကမှ အသက် ၁၆ နှစ်ပြည့်မြောက်ခဲ့သူဖြစ်တယ်လို့သိရပြီး ဘာစီလိုနာဘက်က ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ငြင်းဆန်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ကမ်းလှမ်းချက်မှာတော့ ပထမတစ်နှစ်အတွက် လစာငွေ ယူရိုခြောက်သောင်းပေးချေသွားမှာဖြစ်ပြီး နောက်တစ်နှစ်မှာ ယူရိုတစ်သိန်းအထိ တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ (ခ) အသင်းအတွက် နောက်ဆုံးစာချုပ်သက်တမ်းကာလအတွင်းမှာ ကစားနိုင်ခြင်းရှိခဲ့မယ်ဆိုရင် ဆုကြေးယူရိုနှစ်သိန်းပေးမယ်လို့ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်အသင်းမှာ ကစားခွင့်ရရှိနိုင်မယ့် အခွင့်အရေးကို ဂျူရာဒိုက ရွေးချယ်သွားခဲ့တယ်လို့ရပါတယ်။ ယူနိုက်တက်အနေနဲ့ ဂျူရာဒိုအတွက် နည်းပါးတဲ့ငွေကြေးပမာဏကိုသာ ပေးချေရမှာဖြစ်ပြီး ယူရိုနှစ်သိန်းထက်မများတဲ့ ပမာဏသာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းဟာ အရင်ကလည်း ဘာစီလိုနာလူငယ်ကစားသမားပီကေးကို ခေါ်ယူခဲ့ဖူးတာဖြစ်ပါတယ်။ ပီကေး အသက် ၁၇ နှစ်အရွယ်မှာ ခေါ်ယူခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ထင်မှတ်သလောက် မအောင်မြင်ခဲ့ဘဲ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ကာ ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦးအဖြစ် ပီကေးက ရပ်တည်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ဂျူရာဒိုကို လက်လွှတ်ခဲ့ရမှုဟာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပြသနာတွေကြောင့် ပါဝင်တယ်လို့လည်းသိရပါတယ်။ ဂျူရာဒိုကို အသင်းရဲ့အနာဂတ်မှာ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ဘာစီလိုနာက သတ်မှတ်ထားပေးမယ်လည်း အခြေအနေအကြောင်းကြောင်းကြောင့် လက်လွှတ်ခံလိုက်ရတာဖြစ်တယ်လို့ စပိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က