ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ ရီးရဲနဲ့ပွဲမှာ အဆန်ဆီရိုကို ဒူးဒဏ်ရာရစေခဲ့လို့ ကိုယ့်ရှုးကိုယ်ပတ်မယ့် အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အာဆင်နယ်အသင်းအနေနဲ့ ရီးရဲကွင်းလယ်လူ ဆယ်ဘယ်လော့စ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေရာမှာတော့ ယခုအခါ ကစားသမားက ဆေးစစ်ဖို့အတွက် လန်ဒန်ကိုလာတော့မယ်လို့ Sportkeeda သတင်းဌာန ကဖော်ပြပါတယ်။ စပိန်ယူ-၂၁ လက်ရွေးစင် ဆယ်ဘယ်လော့စ်အနေနဲ့ ပွဲထွက် ကစားသမားနေရာရရှိရေးအတွက် ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေခဲ့တဲ့ ရီးရဲအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရီးရဲအသင်းအနေနဲ့ ဆယ်ဘယ်လော့စ်ကို ဆေးစစ်မှုခံယူစေဖို့အတွက် လန်ဒန်ကို မကြာခင်မှာ စေလွှတ်ပေးသွားတော့မှာ ဖြစ်ပြီး ဆေးစစ်မှု အောင်မြင်ခဲ့ရင် အာဆင်နယ်မှာ တစ်ရာသီ ကစားသွားမှာပါ။ ဆယ်ဘယ်လော့စ်အနေနဲ့ ရီးရဲအသင်းမှာ ဝါရင့် ကွင်းလယ်လူတွေ ဖြစ်တဲ့ လူကာမိုဒရစ်၊တိုနီခရူးစ်၊ကက်စီ မီရိုတို့ ရှိနေလို့ ပွဲထွက်ခွင့်ပျောက်ဆုံးနေသူပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ ရီးရဲနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ICC 2019 ပြိုင်ပွဲမှာ အသင်းရဲ့ အဓိက အားထားရတဲ့ အဆန်ဆီရို ဒူးဒဏ်ရာ ပြင်းထန်စွာ ရရှိသွာလို့ ဆယ်ဘယ်လော့စ်ကိုအာဆင်နယ်အငှားပို့ဖို့ ပြန် စဉ်းစားရပြီလို့ နည်းပြ ဇီဒန်းက ထုတ်ဖော်ပြောထားတာရှိပါတယ်။ ဒီစကားကြောင့် ဒီကနေ့ အချိန်ထိ လူငယ်ကစားသမား မာတီနယ်လီကို ပေါင် ၆သန်းနဲ့သာ ခေါ်ယူထားနိုင် သေးတဲ့ အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီအတွက် သတင်းဆိုးဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း အခုချိန်မှာတော့ လန်ဒန်ကို ဆေးစစ်ဖို့ လာတော့မယ်လို့ သတင်းထွက်ပေါ်လာတာကြောင့် ကိုယ့်ရှုးကိုယ်ပတ်ရမယ့် အဖြစ်မျိုးနဲ့ သီသီလေး ကပ်လွတ်ခဲ့တဲ့ အူနိုင်းအတွက် ရင်ဘတ်ထဲက အလုံးကြီး ကျသွားသလို သက်သာရာရခဲ့ပြီလို့ ဆိုရမှာပါ။ ဆယ်ဘယ်လော့စ်ကတော့ ၂၀၁၇ ခုနှစ်က ဘက်တစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး နှစ်ရာသီအတွင်း ရီးရဲအတွက် ပွဲပေါင်း ၅၆ ပွဲမှာ ၅ ဂိုးထိသွင်းယူပေးထားနိုင်ပါတယ်။
အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီကတော့ ဒီရာသီ လူဝယ်ဈေးကွက်မှာ အနည်းဆုံး ၃ ဦးကနေ ၄ ဦးထိ ခေါ်ယူမယ်လို့ သတင်းထုတ်ပြန်ထားတာကြောာင့်နောက်ထပ် ဘယ်သူတွေကို ထပ်ခေါ်နိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာပါ။