အာဆင်နယ်ဘုတ်အဖွဲ့က ဒီရာသီ လူဝယ်ရာသီမှာ အသုံးပြုဖို့ ပေါင် ၄၅ သန်းသာ နည်းပြအူနိုင်း အမ်မရီကို ပေးခဲ့တာဖြစ်ပေမယ့် ပေါင် ၇၂ သန်းတန် ကစားသမားအပြင် ပေါင် ၆ သန်းတန် ဘရာဇီးနောက်ခံလူ မာတီနယ်လီနဲ့ ပေါင်၂၇သန်းတန် ဆာလီဘာ စီဘယ်လော့စ်ကို ရီးရဲက အငှားစာချုပ်နဲ့ ခေါ်ယူထားနိုင်တာပါ။
အာဆင်နယ်အသင်းဟာ လိုင်လီအသင်းက အိုင်ဗရီကို့စ် တိုက်စစ်မှူး နီကိုးလက်စ်ပီပီကို ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနီးပါးနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီပြောင်းရွှေ့စရိတ်က ကလပ်အသင်းသမိုင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်လာခဲ့သလို ဒီနှစ် လူဝယ်ရာသီမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ ဈေးအကြီးဆုံး ကစားသမားခေါ်ယူမှုလည်း ဖြစ်လာခဲ့တာပါ။
အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီအနေနဲ့ ပြောင်းရွှေ့စရိတ် ပေါင် ၄၅ သန်းသာ ရရှိထားပြီး ပေါင် ၇၂ သန်းတန်ကြေးရှိတဲ့ ကစားသမားကို ခေါ်ယူနိုင်ခဲ့တဲ့အပေါ် ဘယ်လို ပေးချေသွားမှာလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကနဦးအနေနဲ့ လိုင်လီအသင်းကိုပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ပေးသွင်းသွားမယ်လို့ သိရပြီး ကျန်ရှိနေတဲ့ ပေါင် ၅၂ သန်းကိုတော့ ၅ နှစ်အရစ်ကျနဲ့ ပေးသွင်းသွားမှာ ဖြစ်တယ်လို့ Daily Mail က ဖော်ပြပါတယ်။
ကစားသမားကတော့ ဒီတစ်ပတ်အကုန်လောက်မှာ လန်ဒန်ကိုလာပြီး ဆေးစစ်မှု ပြုလုပ်သွားမယ်လို့ သိရပြီး ဒီကစားသမားကို အာဆင်နယ်အသင်း ၅ နှစ်အရစ်ကျနဲ့ ခေါ်ယူနိုင်ခဲ့တာကတော့ နည်းပြ အူနိုင်း အမ်မရီကို မချီးကျူးပဲ မဖြစ်ဘူးလို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြလာပါတယ်။ ပီပီကို မန်ချက်စတာ ယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ နာပိုလီအသင်းတို့ကလည်း အပြိုင်စိတ်ဝင်စားခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ နောက်ထပ် တတိယမြောက် ကစားသမားခေါ်ယူမှုအဖြစ် ဆဲလ်တစ်နောက်ခံလူ တီယာနေးကိုလည်း ဆက်လက် ချိတ်ဆက်ကြိုးပမ်းနေပါတယ်။