တိုက်စစ်မှူးချင်းအလဲအထပ်ပြုလုပ်သွားမှာပါ။

ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူး ပေါ်လိုဒီဘာလာ နဲ့ အင်တာမီလန်တိုက်စစ်မှူး အီကာဒီတို့ကို အလဲအထပ်ပြုလုပ်သွားဖို့အတွက် ကြိုးစားနေတယ်လို့ Sport Mediaset ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ နည်းပြသစ်အဖြစ်နဲ့ ဆာရီကိုခန့်အပ်ဖို့ နီးစပ်နေခဲ့ပြီးနောက်မှာ ရော်နယ်ဒိုအတွက် တိုက်စစ်အတွဲအဖက်အဖြစ် အီကာဒီကို ဂျူဗီက အသုံးပြုချင်နေတာလည်း ဖြစ်ပါတယ်။



လက်ရှိမှာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ဆာရီက ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာခဲ့မယ်ဆိုရင် အီကာဒီ နဲ့ ရော်နယ်ဒိုတို့ကို တွဲဖက်ပေးဖို့ စဉ်းစားနေပြီး ပြီးပြည့်စုံတဲ့ တိုက်စစ်အတွဲဖြစ်လာမယ်လို့လည်း ယုံကြည်နေပါတယ်။ တိုက်စစ်မှူးစစ်စစ်တွေကို ပိုမိုသဘောကျလေ့ရှိတဲ့ ဆာရီက ဒီဘာလာထက် အီကာဒီကို ပိုမိုနှစ်ခြိုက်နေတာလည်း ဖြစ်ပါတယ်။

ဒီဘာလာဟာ ပြီးခဲ့တဲ့ရာသီမှာ ရော်နယ်ဒိုရောက်ရှိလာပြီးနောက် ခြေစွမ်းပိုင်းပါ ကျဆင်းသွားခဲ့ပြီး သူ့ရဲ့ ဂျူဗီကစားသမားဘဝမှာ ဂိုးသွင်းအနည်းဆုံးဘောလုံးရာသီနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တိုက်စစ်မှူးတစ်ဦးပုံစံထက် ကွင်းလယ်တိုက်စစ်ကစားသမားပုံစံကို ပိုမိုပီပြင်အောင် ကစားနိုင်ပေမယ့် ဒီဘာလာက ဆာရီရဲ့ စိတ်ကြိုက်ကစားသမားမျိုးမဟုတ်တာကြောင့် တူရင်ကနေ ထွက်ခွာရဖွယ် ရှိနေတာဖြစ်ပါတယ်။

အင်တာမီလန်နည်းပြသစ်ကွန်တီကလည်း အီကာဒီကို သဘောမကျဘူးလို့ သိရပြီး ယူနိုက်တက်တိုက်စစ်မှူးလူကာကူကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပါတယ်။ လူကာကူ ရောက်ရှိလာခဲ့ပါက အီကာဒီက သေချာပေါက်အသင်းကနေ ထွက်ခွာရဖွယ်ရှိနေပြီး ဒီဘာလာနဲ့ အီကာဒီတို့ရဲ့ ကစားသမားအလဲအထပ်ဟာ ဖြစ်ပေါ်လာဖို့ ရာခိုင်နှုန်းတော်တော်တော်များများမှာ ရှိနေပါတယ်။

ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်စ်အတွက် သွင်းဂိုးအများဆုံးရယူပေးခဲ့တဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။ အသက် (၃၄)နှစ်အရွယ်တိုက်စစ်မှူးတစ်ဦးတည်းအပေါ်မှာ မှီခိုခဲ့ရလို့ စီးရီးအေဆုဖလားတစ်လုံးတည်းနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဂျူဗီကလည်း ရော်နယ်ဒိုရဲ့ ဂိုးသွင်းတာဝန်တွေကို ခွဲဝေယူပေးနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က