ယူနိုက်တက်ကတော့ အကြောင်းပြချက်(၂)ခုနဲ့ ငြင်းဆန်ခဲ့ပါတယ်။

ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူးနေမာ နဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာတို့ကို အလဲအထပ်ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။


ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူးနေမာ နဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာတို့ကို အလဲအထပ်ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လီဂူးဝမ်းချန်ပီယံအသင်းဟာ ပေါ့ဂ်ဘာအတွက် ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပြီး ကမ်းလှမ်းဖို့ ကြိုးစားခဲ့ရာမှာ ယူနိုက်တက်က အကြောင်းပြချက် (၂)ခုနဲ့ ငြင်းဆန်ခဲ့တယ်လို့ Independent က ဖော်ပြခဲ့ပါတယ်။

ပထမဆုံးအကြောင်းပြချက်မှာတော့ ယူနိုက်တက်အသင်း ဒုဥက္ကဌ ဝုဒ်ဝက်ဒ်က နေမာအတွက် ပေးချေရမယ့် တစ်ပတ်လုပ်အားခက မြင့်မားတယ်လို့ ယူဆခဲ့လို့ ဖြစ်ပါတယ်။ နေမာဟာ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ပီအက်စ်ဂျီမှာ တစ်ပတ်လုပ်ခ ပေါင် (၉)သိန်းအထိ ရရှိနေတယ်လို့ သိရပြီး ယူနိုက်တက်အနေနဲ့ အသင်းမှာလစာအများဆုံးအဖြစ် ရရှိနေတဲ့ ဆန်းချက်ဇ်ရဲ့ တစ်ပတ်လုပ်ခ ပေါင် (၅)သိန်းရဲ့ နှစ်ဆအထိ ပေးချေရမှာလည်း ဖြစ်ပါတယ်။

ဒီအတွက် ဝုဒ်ဝက်ဒ်က နေမာနဲ့ အလဲအထပ်ပြုလုပ်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်အချက်တစ်ခုအနေနဲ့ကတော့ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်အချက်အလက်တွေမှာ အရေးပါတဲ့ အချက် (၉)ခုလောက်မှာ ပေါ့ဂ်ဘာက ထိပ်ဆုံးကရှိနေခဲ့ပြီး အသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကာ သူ့ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ပဲ ယူနိုက်တက်ဘက်က ဆုံးဖြတ်ထားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားပြီးဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ယူနိုက်တက်ကနေ ထွက်ခွာကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့စဉ်းစားနေတယ်လို့ တရားဝင်ပြောကြားထားသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက်ဘက်က ပေါ့ဂ်ဘာကို အသင်းကို ဆက်လက်ထိန်းသိမ်းဖို့ လစာတိုးမြှင့်ပေးချေကာ စာချုပ်သစ်ချုပ်ဆိုဖို့လည်း အားထုတ်နေပါတယ်။

တစ်ဖက်မှာလည်း နေမာကို အသင်းဟောင်းဘာစီလိုနာက ပြန်လည်ခေါ်ယူဖို့ကြိုးစားနေပြီး နေမာက ဘာစီလိုနာကစားသမားတွေကို WhatsApp Group ကနေ သူအသင်းကို ပြန်လာခဲ့မယ်လို့ မက်ဆေ့ဂျ်ပို့ပြောကြားခဲ့တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက် (၂၇)နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ ပြင်သစ်မှာအဆင်မပြေမှုတွေ ဖြစ်ပွားနေပြီး အသင်းပြောင်းရွှေ့ဖို့ ကြိုးစားနေပါတယ်။



က္က