မှန်ကန်တဲ့ပြောင်းရွှေ့ကြေးရရှိရင် ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင် တိုက်စစ်မှူးနေမာကို ပြန်လည်ရောင်းချသွားတော့မယ်လို့ ပီအက်စ်ဂျီအသင်းက ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။ ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ L'Equipe ရဲ့ ဖော်ပြချက်အရ များပြားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုကိုသာ ရရှိခဲ့မယ်ဆိုရင် နေမာကို လက်လွှတ်သွားဖို့ ပီအက်စ်ဂျီက အသင့်ဖြစ်နေခဲ့ပြီလို့ သိရတာဖြစ်ပါတယ်။

အသက် (၂၇)နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးကို အသင်းဟောင်းဘာစီလိုနာနဲ့ လာလီဂါထိပ်သီးရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေပြီး ပြင်သစ်ကလပ်ရဲ့ ဆုံးဖြတ်ချက်က နေမာကို ခေါ်ယူချင်နေတဲ့ သူတို့နှစ်သင်းကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပါတယ်။ ၂၀၁၇ သြဂုတ်လမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို နေမာက ပေါင် (၁၉၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ နှစ်ရာသီအတွင်း ပီအက်စ်ဂျီအတွက် (၅၈)ပွဲသာ ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုးအနေနဲ့ (၅၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခဏဆိုသလို ဒဏ်ရာကြောင့် အနားယူနေရပြီး ကွင်းပြင်ပပြသနာတွေ ဖြစ်ပွားလာခဲ့တဲ့အပေါ်မှာ ပီအက်စ်ဂျီက စိတ်ပျက်နေခဲ့ပြီး နေမာရဲ့ ကွင်းတွင်းအပြုအမူတွေအပေါ်မှာလည်း စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း နေမာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်လကြာအနားယူရမှာဖြစ်ပြီး ကိုပါအမေရိကဖလားပြိုင်ပွဲကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ ပြင်သစ်မှာ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး ပြန်လည်ဖြေရှင်းမှုတွေ ပြုလုပ်နေရကာ နေမာရဲ့ အခြေအနေက စိတ်ရှုပ်ထွေးစရာတွေနဲ့ ပြည့်နှက်နေပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက နေမာကို ပြန်လည်ခေါ်ယူဖို့ အသင်းကို တိုက်တွန်းမှုတွေ ပြုလုပ်နေသလို ရီးရဲလ်ကို အကြီးအကျယ်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ဇီဒန်းကလည်း နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရီးရဲလ်ပရိသတ်တွေကတော့ နေမာထက် ဘတ်ပီကို ခေါ်ယူဖို့ ပိုမိုလိုလားနေပြီး ဟာဇက်ရဲ့ ကြိုဆိုမိတ်ဆက်ပွဲမှာ ဘတ်ပီကို ခေါ်ယူပေးဖို့ အသင်းကိုတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။



က္က