အသင်းနှစ်သင်းကြား နောက်ဆုံးအဆင့်ဆွေးနွေးနေပြီလို့ သိရပါတယ်။

စပို့တင်းကနေ ထွက်ခွာပြီး ကစားသမားဘဝနောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် ဆန္ဒရှိနေတဲ့ ဖာနန်ဒက်စ်က တော့တင်ဟမ် နဲ့ ယူနိုက်တက်တို့မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ပဲ ရွေးချယ်ခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။


စပို့တင်းလစ္စဘွန်း နဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ သိရပါတယ်။ ပေါ်တူဂီသတင်းစာ A Bola ရဲ့ အစောပိုင်းဖော်ပြမှုမှာ ဖာနန်ဒက်စ်က တော့တင်ဟမ်ကို ရောက်ရှိတော့မယ်လို့ ရေးသားဖော်ပြခဲ့ပေမယ့်လည်း နောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ သတင်းတွေမှာ ဖာနန်ဒက်စ်က အိုးထရက်ဖို့ဒ်သာ ပြောင်းရွှေ့မှာဖြစ်တယ်လို့ သိရပါတယ်။

အီတလီရေဒီယိုသတင်းဌာနတစ်ခုဖြစ်တဲ့ Rossonera ရဲ့ ဒါရိုက်တာဖြစ်၊ Sport Mediaset ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့ ပီယာထရိုဘယ်လ်ဇာနိုပရိုတာရဲ့ ပြောဆိုမှုကို အခြေခံပြီး 101 Greatgoals က ပြန်လည်ဖော်ပြခဲ့မှုမှာ ယူနိုက်တက်နဲ့ စပို့တင်းလစ္စဘွန်းတို့ဟာ ဖာနန်ဒက်စ်အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ ဖော်ပြပါရှိပါတယ်။

"အသင်းနှစ်သင်းကြားမှာ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ၊ အသေးစိတ်အချက်တွေကို ဆွေးနွေးနေပြီးတော့ အဓိကအားဖြင့် ကစားသမားအတွက် ဆုကြေးငွေကိစ္စပါ၊ ဖာနန်ဒက်စ်ကို ကလပ်အသင်းအများအပြားက စိတ်ဝင်စားခဲ့ပေမယ့်လည်း ယူနိုက်တက်က သူ့ကို ခေါ်ယူနိုင်ဖို့ တော်တော်လေးနီးစပ်နေပါပြီ" လို့ ပရိုတာက သူ့ရဲ့ တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ စပို့တင်းအတွက် လိဂ်ပွဲ (၃၃)ပွဲ ကစားပေးခဲ့ပြီး ဂိုးပေါင်း (၂၀)အထိ သွင်းယူခဲ့ကာ (၁၃)ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ (၃)ဂိုး၊ ပေါ်တူဂီလိဂ်ဖလားပြိုင်ပွဲမှာ (၆)ဂိုးသွင်းယူခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး (၂၉)ဂိုးအထိ ရယူနိုင်ခဲ့ပြီး ဂိုးသွင်းနှုန်းမြင့်မားတဲ့ ကွင်းလယ်လူတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ နေးရှင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ ဖာနန်ဒက်စ်က ထိပ်တန်းအသင်းတစ်သင်းကိုပါ ပြောင်းရွှေ့နိုင်တော့မှာ ဖြစ်ပါတယ်။ စပို့တင်းကနေ ထွက်ခွာပြီး ကစားသမားဘဝနောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် ဆန္ဒရှိနေတဲ့ ဖာနန်ဒက်စ်က တော့တင်ဟမ် နဲ့ ယူနိုက်တက်တို့မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ပဲ ရွေးချယ်ခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က