အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီအနေနဲ့ အပြောင်းအရွှေ့အတွက် ပေါင် ၄၅ သန်းသာ ရရှိထားတာကြောင့် ခေါ်ယူလိုနေတဲ့ ကစားသမားအချို့ကို ဈေးမတတ်နိုင်ဘဲ လက်လွှတ်ထားရကာ ယခုအခါမှာတော့ အများမမျှော်လင့်ထားတဲ့ ကစားသမားတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဘတ်ဂျက် အနည်းငယ်သာ ရရှိထားလို့ လူဝယ်ရာသီမှာ အခက်တွေ့နေတဲ့ အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီ ကတော့ ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ပေါ်တိုအသင်းမှာ ကစားနေတဲ့ အယ်ဂျီးရီးယား တောင်ပံကစားသမား ရာဆင်းဘရာဟီမီကို ပေါင် ၄ သန်းပင် မပေးရပဲခေါ်ယူနိုင်တော့မယ်လို့ Fox Sports Asia သတင်းဌာနက ဖော်ပြပါတယ်။
မနှစ်ကတော့ ပေါ်တိုအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားပေးနိုင်ခဲ့ပြီး ၁၀ ဂိုးသွင်းကာ ၄ ဂိုးဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ရာဆင် ဘရာဟီမီရဲ့ ကာလပေါက်ဈေးက Transfermarkt.comမှာ ဖော်ပြချက်အရ ယူရို ၂၁ သန်း တန်ကြေးရှိပေမယ့်လည်း အယ်ဂျီးရီးယား သတင်းဌာနက A Bolaက ဖော်ပြတာကတော့ အာဆင်နယ်အသင်းအနေနဲ့ အယ်ဂျီးရီးယား လက်ရွေးစင် ရာဆင်အတွက် ယူရို ၄သန်းသာ ပေးချေရဖွယ်ရှိနေတယ်လို့ သိရတာပါ။
တရားဝင် ကမ်းလှမ်းမှုကိုတော့ လက်ရှိကစားနေတဲ့ အာဖရိက နိုင်ငံများဖလားပွဲအပြီးမှာ အာဆင်နယ်အသင်း ဖက်က ပြုလုပ်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ရာဆင်အနေနဲ့သူ့ကို ကမ်းလှမ်းထားတဲ့ ကလပ်အသင်း ၃ သင်းလောက်ရှိပြီးဒီကလပ်အသင်းတွေ ကတော့ ဝက်စ်ဟမ်း၊အဲဗာတန်နဲ့အသင်းဟောင်း ဂရန်နာဒါတို့ဖြစ်ပြီး ရာဆင်ကတော့ ငြင်းပယ်ထားတယ်လို့ ဆိုပါတယ်။