ရာသီကုန်မှာ ဖရန့်ဖတ်ကို အပြီးသတ်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားခဲ့သူဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းပြသနိုင်မှုကြောင့် ဘာနေဗျူးမှာ ကစားခွင့်ရရှိတော့မှာလည်း ဖြစ်ပါတယ်။
ဖရန့်ဖတ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ပေါင် (၅၂.၄)သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်က သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၁)နှစ်အရွယ် ဆာဘီးယားတိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ကို ဘွန်ဒက်လီဂါဘောလုံးရာသီ ကုန်ဆုံးပြီးချိန်မှာ အတည်ပြုကြေညာသွားမှာလို့လည်း Sky in Germany က ဖော်ပြသွားခဲ့ပါတယ်။
ဒီရာသီမှာ ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး( ၂၇)ဂိုးအထိ ရယူပေးနိုင်ခဲ့တဲ့ လူကာဂျိုဗစ်ဟာ ဘင်ဖီကာကနေ အငှားနဲ့ လာရောက်ကစားနေခဲ့တာ ဖြစ်ပါတယ်။ ရာသီကုန်မှာ ဖရန့်ဖတ်ကို အပြီးသတ်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားခဲ့သူဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းပြသနိုင်မှုကြောင့် ဘာနေဗျူးမှာ ကစားခွင့်ရရှိတော့မှာလည်း ဖြစ်ပါတယ်။
ဒီအပြောင်းအရွှေ့ကနေ ပြောင်းရွှေ့ကြေး ပေါင် (၁၀)သန်းကျော်အထိ ဘင်ဖီကာက အကျိုးအမြတ်ရရှိမှာ ဖြစ်ပြီး ကျန်ရှိတဲ့ ပေါင်သန်း (၄၀)ခန့်ကိုတော့ ဖရန့်ဖတ်အသင်းက ရရှိမှာဖြစ်ပါတယ်။ ဘာစီလိုနာ၊ မန်စီးတီးတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေခဲ့ရတဲ့ လူကာဂျိုဗစ်ကို ရီးရဲလ်က လက်ဦးမှု ရယူသွားနိုင်ခဲ့တာဖြစ်ပြီး အသင်းတိုက်စစ်ပိုင်းမှာ ရွေးချယ်စရာကစားသမား ပိုမိုများပြားလာတော့မယ်လို့ သိရပါတယ်။
ဆာဘီးယားကလပ် ရက်ဒ်စတားဘဲဂရိတ်ကနေ ထွက်ပေါ်လာခဲ့တဲ့ လူကာဂျိုဗစ်ဟာ ဘင်ဖီကာကို ပြောင်းရွှေ့ခွင့်ရခဲ့ပေမယ့်လည်း (၄)ပွဲသာ ကစားခွင့်ရခဲ့ပြီးနောက် (၂) နှစ်အငှားစာချုပ်နဲ့ ဖရန့်ဖတ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ (၇၄)ပွဲ ကစားပေးထားခဲ့ကာ (၃၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
လူကာဂျိုဗစ်ကို ရီးရဲလ်မက်ဒရစ်က (၅) နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပြီး ဘာနေဗျူးမှာ (၂၀၂၄)ခုနှစ်အထိ လူကာဂျိုဗစ်က ရှိနေမှာ ဖြစ်ပါတယ်။ ဖရန့်ဖတ်ကတော့ ရာသီနောက်ဆုံးပွဲအဖြစ် ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ဖရန့်ဖတ်က ဆီမီးဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့ပြီး ချယ်လ်ဆီးကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။