ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာအတွက် မက်မောလောက်ဖွယ်ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်သွားခဲ့ပြီလို့ သိရပါတယ်။
Sportbible သတင်းဌာနရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာအတွက် ရီးရဲလ်က ပေါင် (၇၂)သန်းအပြင် ဂါရတ်ဘေးလ် နဲ့ အစ္စကိုတို့ထဲက နှစ်သက်ရာကစားသမားတစ်ဦးကို ရယူနိုင်မယ့်ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။ ပေါ့ဂ်ဘာကို အရခေါ်ယူဖို့အတွက် ဇီဒန်းကအလေးအနက်ထားကြိုးစားနေတာဖြစ်ပြီး ဂျူဗင်တပ်စ်ထက် လက်ဦးမှုရယူဖို့လည်း ပြင်ဆင်နေတာဖြစ်ပါတယ်။
မန်ချက်စတာညနေခင်းသတင်းစာကလည်း ရီးရဲလ်ဘက်က ကမ်းလှမ်းခဲ့တဲ့ သတင်းကို ဖော်ပြခဲ့ပြီး ယူနိုက်တက်အနေနဲ့ ဒီကမ်းလှမ်းမှုကို စိတ်ဝင်စားဖွယ်ရာရှိတယ်လို့လည်း ယူဆရကြောင်းအဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အီဒင်ဟာဇက်၊ လူကာဂျိုဗစ်တို့အပါအဝင် ကစားသမား (၅)ဦးအထိ ခေါ်ယူထားပြီးဖြစ်ပေမယ့် ဇီဒန်းက ကွင်းလယ်ပိုင်းအတွက် ပေါ့ဂ်ဘာကို အလိုရှိနေဆဲဖြစ်ပါတယ်။ အသင်းက ကစားသမားတွေကို ရောင်းချဖို့ပြင်ဆင်နေရာမှာလည်း ပေါ့ဂ်ဘာကို ခေါ်ယူဖို့အတွက် အသုံးချသွားမှာဖြစ်ပြီး ပိုမိုအကျိုးရှိစေတဲ့ အပြောင်းအရွှေ့ကို ဇီဒန်းက ဖန်တီးလိုနေပါတယ်။
ပေါ့ဂ်ဘာကတော့ အသင်းကထွက်ခွာဖို့ သေချာသလောက်ရှိနေပြီး သူ့ရဲ့အေးဂျင့်ရွိုင်အိုလာကိုယ်တိုင်ကလည်း သူ့ကစားသမားဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ်ကွင်းလယ်လူကို အပြောင်းအရွှေ့ဖြစ်မြောက်လာအောင် လုပ်ဆောင်နေတယ်လို့လည်း ရွိုင်အိုလာက ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်အနေနနဲ့ ပေါ့ဂ်ဘာကို အသင်းမှာဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ခက်ခဲသွားပြီဖြစ်ပြီး သင့်တော်တဲ့ကမ်းလှမ်းမှုရရှိပါက ရောင်းချသွားရဖွယ်ရှိနေပါတယ်။ ၂၀၁၆ ခုနှစ်မှာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး (၃)နှစ်အကြာမှာပဲ ပေါ့ဂ်ဘာက ယူနိုက်တက်ကို နောက်တစ်ကြိမ်ထပ်မံစွန့်ခွာသွားတော့မှာလည်း ဖြစ်ပါတယ်။