ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်အစွန်နောက်ခံလူ မာဆယ်လိုဟာ ဂျူဗင်တပ်စ်အသင်းကို လာမယ့်ရက်ပိုင်းအတွင်း ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်အစွန်နောက်ခံလူ မာဆယ်လိုဟာ ဂျူဗင်တပ်စ်အသင်းကို လာမယ့်ရက်ပိုင်းအတွင်း ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ အသက် (၃၁)နှစ်အရွယ် ဝါရင့်နောက်ခံလူဟာ ဘာနေဗျူးကနေ ထွက်ခွာချင်နေပြီဖြစ်ပြီး သူ့ရဲ့အနာဂတ်ကို ဂျူဗင်တပ်စ်အသင်းနဲ့ ဆက်လက်ဖြတ်သန်းချင်နေတာလည်း ဖြစ်ပါတယ်။
Daily Star ရဲ့ ဖော်ခြချက်အရ လိုင်ယွန်နောက်ခံလူ မန်ဒီကို ဇီဒန်းက ခေါ်ယူခဲ့ပြီးနောက်မှာ မာဆယ်လိုအတွက် ပုံမှန်ကစားခွင့်ရဖို့ အာမခံချက်က နည်းပါးလာခဲ့ပြီဖြစ်ပါတယ်။ ဘာနေဗျူးမှာ (၁၃)နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပိုင်းကျဆင်းနေခဲ့လို့ ဇီဒန်းက မာဆယ်လိုကို ပထမကစားသမားနေရာကနေ ဖယ်ရှားဖို့ စီစဉ်ခဲ့တယ်လို့ ယူဆရပါတယ်။
ရီးရဲလ်နဲ့အတူ အောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့ပြီးနောက် မာဆယ်လိုက သူ့ရဲ့ကစားသမားဘဝမှာ တတိယမြောက်အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေခဲ့တာလည်း ဖြစ်ပါတယ်။ (၁၅)နှစ်တာ ကစားသမားဘဝမှာ မာဆယ်လိုက ဖလူမီနီးစ်မှာ (၂)နှစ်၊ ရီးရဲလ်မက်ဒရစ်မှာ (၁၃)နှစ်ကစားခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာကတည်းက ရော်နယ်ဒိုနဲ့အတူ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပေမယ့်လည်း ရီးရဲလ်က ရောင်းချဖို့ ငြင်းဆန်ခဲ့လို့ မာဆယ်လိုက ဘာနေဗျူးမှာ ဆက်လက်ကစားနေခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒိုကလည်း သူနဲ့ရင်းနှီးတဲ့ မာဆယ်လိုကို တူရင်မှာလာကစားဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ်။
ရီးရဲလ်ဘက်ကလည်း မာဆယ်လိုအတွက် ထိုက်သင့်တဲ့ပြောင်းရွှေ့ကြေးရရှိပါက ပြန်လည်ရောင်းချသွားဖွယ်ရှိနေပါတယ်။ မနေ့ကထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ မာဆယ်လိုကို အာဆင်နယ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပေမယ့် ကစားသမားကိုယ်တိုင်က ဂျူဗင်တပ်စ်ကိုပဲ ပြောင်းရွှေ့ချင်နေလို့ အာဆင်နယ်အနေနဲ့ မျှော်လင့်ချက်မဲ့ခဲ့ရပြီလည်း ဖြစ်ပါတယ်။