မန်စီးတီးကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။
Pyae Phyo Thein

မက်ခ်နေးကို ဂျူဗင်တပ်စ်ကလည်း ဆက်သွယ်မှုတွေပြုလုပ်နေလို့ ယူနိုက်တက်အတွက် တော်တော်လေးကြိုးစားရမယ့် အနေအထားမှာရှိနေပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမားချာလီမက်ခ်နေးကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ မက်ခ်နေးဟာ မန်စီးတီးလူငယ်အသင်းတွေအတွက် ဂိုးပေါင်း ၆၀၀ ကျော်အထိ သွင်းယူပေးခဲ့သူလို့လည်း သိရပါတယ်။

မန်စီးတီးအသင်းရဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို မက်ခ်နေးက ငြင်းပယ်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဂျာမနီကလပ်လိုက်ဇစ်နဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်နေတယ်လို့ သိရပြီး ယူနိုက်တက်က အားထုတ်မှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ မက်ခ်နေးကိုယ်တိုင်ကလည်း အသင်းကနေထွက်ခွာခဲ့ပြီလို့ သူ့ရဲ့အင်စတာဂရမ်ကနေ အတည်ပြုခဲ့ပါတယ်။ 

"ပြီးခဲ့တဲ့ ၆ နှစ်အတွင်း အရာရာတိုင်းအတွက် အသင်းကိုကျေးဇူးတင်ပါတယ်၊ အံ့အားသင့်စရာကစားသမားတချို့ နဲ့ သူငယ်ချင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်၊ အသင်းဝန်ထမ်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကို တိုးတက်ကောင်းမွန်တဲ့ ကစားသမားအဖြစ်၊ လူသားတစ်ဦးအဖြစ် ကူညီပေးခဲ့တာတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ အားလုံးကောင်းမွန်ပြည့်စုံပါစေလို့ ဆုတောင်းပါတယ်" လို့ မက်ခ်နေးက ရေးသားပြောဆိုခဲ့ပါတယ်။ 

မက်ခ်နေးကို ဂျူဗင်တပ်စ်ကလည်း ဆက်သွယ်မှုတွေပြုလုပ်နေလို့ ယူနိုက်တက်အတွက် တော်တော်လေးကြိုးစားရမယ့် အနေအထားမှာရှိနေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းကလည်း ဆန်းဒါးလန်းအသင်းရဲ့ လူငယ်ကစားသမားတစ်ဦးကို ခေါ်ယူထားပြီးဖြစ်ကာ မက်ခ်နေးကို ဆက်လက်ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

လာမယ့်စက်တင်ဘာလအတွင်းမှာတော့ မက်ခ်နေးက အသက် ၁၇ နှစ်ပြည့်တော့မှာလည်းဖြစ်ပါတယ်။ မက်ခ်နေးဟာ ယူနိုက်တက်အကယ်ဒမီကို အရင်ဆုံးရောက်ရှိခဲ့ပြီးမှ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့တာလို့လည်း သိရပါတယ်။ 


Author


က္က