ဂျူဗီမှာ ဘယ်သူမဆို ကစားချင်တယ်လို့ ဆိုခဲ့ပါတယ်။
Pyae Phyo Thein

ဂျော်ဂျင်ဟိုကတော့ နည်းပြဆာရီရဲ့နောက်ကို ထပ်ချပ်မကွာလိုက်ပါနေခဲ့သူဖြစ်ပြီး သူတို့နှစ်ဦးကြားမှာ နည်းပြနဲ့ကစားသမားဆက်ဆံရေးထက်ပိုတဲ့ ရင်းနှီးမှုတွေရှိနေကြတာလည်းဖြစ်ပါတယ်။


ချယ်လ်ဆီးကွင်းလယ်လူဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်သူယာအိုဆန်းတို့စ်က သူ့ရဲ့ကစားသမားကို ဂျူဗင်တပ်စ်အသင်းဘက်က စုံစမ်းမေးမြန်းမှုတွေ မပြုလုပ်သေးပေမယ့် ဘယ်လိုကစားသမားမဆို စီးရီးအေချန်ပီယံအသင်းမှာကစားချင်တယ်လို့ ပြောဆိုလိုက်ခြင်းအားဖြင့် ဂျော်ဂျင်ဟိုဟာ ဂျူဗီကို မပြောင်းနိုင်စရာအကြောင်းမရှိဘူးလို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။ 

ချယ်လ်ဆီးနည်းပြဟောင်းနဲ့ လက်ရှိဂျူဗီနည်းပြဆာရီက နာပိုလီနဲ့ ချယ်လ်ဆီးတို့မှာ သူနဲ့လက်တွဲခဲ့ဖူးတဲ့ ဂျော်ဂျင်ဟိုကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသင်းကထွက်ခွာဖို့နီးစပ်နေတဲ့ ပီယာနစ်နေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။ ပီယာနစ်ကိုတော့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပါတယ်။ 

ဂျော်ဂျင်ဟိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး Radio Kiss Kiss က မေးမြန်းခဲ့မှုကို ဆန်းတို့စ်က "ဂျူဗီက ဥရောပရဲ့ ထိပ်သီးအသင်းတစ်သင်းပါ၊ ဘယ်လိုကစားသမားမဆို သူတို့အသင်းအတွက် ကစားပေးချင်ပါတယ်၊ ပါရာတီစီ (ဂျူဗီအားကစားဒါရိုက်တာ) ဆီကတော့ ဘာမှမကြားရသေးပါဘူး၊ ကျွန်တော့်ကို ခေါ်ဆိုမှုလည်းရှိသေးပါဘူး"

"ဂျော်ဂျင်ဟိုက ချယ်လ်ဆီးနဲ့ စာချုပ် ၃နှစ်ရှိသေးပြီး လန်ဒန်မှာ သူ အဆင်ပြေနေပါတယ်၊ ဂျူဗီက သူ့ကိုစိတ်ဝင်စားနေတယ်ဆိုတာ သတင်းစာတွေနဲ့ သတင်းဌာနအများအပြားမှာ ဖော်ပြနေတာကို ကျွန်တော်ဖတ်ရပါတယ်၊ ကျွန်တော်ထပ်ပြောပါမယ်၊ ဂျူဗီက ဥရောပရဲ့ ထိပ်တန်းကလပ်တွေထဲက တစ်သင်းပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ဂျော်ဂျင်ဟိုကတော့ နည်းပြဆာရီရဲ့နောက်ကို ထပ်ချပ်မကွာလိုက်ပါနေခဲ့သူဖြစ်ပြီး သူတို့နှစ်ဦးကြားမှာ နည်းပြနဲ့ကစားသမားဆက်ဆံရေးထက်ပိုတဲ့ ရင်းနှီးမှုတွေရှိနေကြတာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးကို ဆာရီကိုင်တွယ်ခဲ့စဉ်ကလည်း နာပိုလီမှာကစားနေတဲ့ ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က