ရီးရဲလ်ဘက်တစ်ကနေ ရီးရဲလ်မက်ဒရစ်ကို လွန်ခဲ့တဲ့ (၂)နှစ်က ပြောင်းရွှေ့ခဲ့တဲ့ ဆီဘယ်လော့စ်ဟာ ရီးရဲလ်အတွက် (၅၆)ပွဲ ကစားပေးထားခဲ့သူဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဆီဘယ်လော့စ်ကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်အသင်းက သဘောတူညီမှုရရှိသွားခဲ့ပြီလို့ ဖြစ်ပါတယ်။ Metro ရဲ့ ဖော်ပြချက်အရ အသက် (၂၂)နှစ်အရွယ် စပိန်ကစားသမားကို အာဆင်နယ်နဲ့ တော့တင်ဟမ်တို့က အပြိုင်အဆိုင် ကြိုးစားခဲ့တာဖြစ်ပြီး အာဆင်နယ်က လက်ဦးမှုရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရီးရဲလ်ဘက်တစ်ကနေ ရီးရဲလ်မက်ဒရစ်ကို လွန်ခဲ့တဲ့ (၂)နှစ်က ပြောင်းရွှေ့ခဲ့တဲ့ ဆီဘယ်လော့စ်ဟာ ရီးရဲလ်အတွက် (၅၆)ပွဲ ကစားပေးထားခဲ့သူဖြစ်ပါတယ်။ စပိန်ယူ-၂၁အသင်းအတွက် ခြေစွမ်းပြကစားပေးခဲ့ပြီး ဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့အတွက် သေချာသလောက်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။
တနင်္လာနေ့မှာ အာဆင်နယ်က သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီးတော့ တစ်နှစ်အငှားစာချုပ်နဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်း နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ဝါရှင်တန်မှာ နိုင်ငံတကာချန်ပီယံများဖလားပြိုင်ပွဲကို မနက်ဖြန်မှာ ကစားသွားရဖို့ရှိနေပြီး အဆိုပါပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အမ်မရီကအတည်ပြုပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။
"ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ နောက် (၂၄)နာရီ (ဒါမှမဟုတ်) (၄၈)နာရီအတွင်းမှာ ခေါ်ယူနိုင်မလားတော့မသိဘူး၊ ဆီဘယ်လော့စ်က ကစားသမားကောင်းတစ်ယောက်ပါ၊ သူ ဘက်တစ်ကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တာကို ကျွန်တော်သိပါတယ်၊ သူက နိုင်ငံအသင်းမှာလည်း ခြေစွမ်းပြနိုင်ခဲ့သူပါ" လို့ အမ်မရီက ပြောခဲ့ပါတယ်။
ဆက်စပ်သတင်းများအရ အာဆင်နယ်အနေနဲ့ စိန့်အက်တီယန်ခံစစ်ကစားသမား ဝီလီယံဆာလီဘာကိုလည်း ပေါင် (၂၇)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ BBC က ဖော်ပြခဲ့ပါတယ်။ အသက် (၁၈)နှစ်သာ ရှိသေးတဲ့ ကစားသမားအတွက် အာဆင်နယ်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို အသုံးပြုခဲ့တာဖြစ်ပြီး ပြင်သစ်ကလပ်ဆီကို တစ်ရာသီအငှားပြန်ချပေးရမယ်လို့ သိရပါတယ်။