ရာသီကုန်မှာ PSG နဲ့ စာချုပ်သက်တမ်းကုန်တော့မှာပါ။

ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကာဗာနီဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီကို ခေါ်ယူဖို့အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ 90 min က ဖော်ပြသွားခဲ့ပါတယ်။ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကာဗာနီဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

ကာဗာနီဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး ပီအက်စ်ဂျီနည်းပြတူချယ်လ်ကတော့ သူ့ကစားသမားကို အသင်းမှာဆက်လက်ရှိနေစေချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အသက် ၃၂နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ရာသီကုန်မှာ အလွတ်ထွက်ခွာခွင့်ရရှိမှာဖြစ်လို့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူမယ်ဆိုပါက ဈေးနှုန်းနည်းပါးစွာနဲ့ ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

တိုက်စစ်အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ဝါရင့်တိုက်စစ်မှူးတစ်ဦး အလိုရှိနေတဲ့ ယူနိုက်တက်က ဂျူဗင်တပ်စ်တိုက်စစ်မှူးမန်ဇူကစ်ကိုလည်း စိတ်ဝင်စားနေပြီး ကာဗာနီကိုပါ ထပ်မံစိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းရဲ့ သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး ၆နှစ်အတွင်းမှာ ဂိုးပေါင်း ၂၀၀ နီးပါးသွင်းယူခဲ့သူဖြစ်ပါတယ်။

ဒီရာသီမှာ အသင်းအတွက် လီဂူးပွဲစဉ် ၃ပွဲကိုသာ ကာဗာနီက ကစားပေးထားပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရပါတယ်။ အခုအခါမှာတော့ ဒဏ်ရာက ပြန်လည်သက်သာလာပြီလို့ သိရပြီး အသင်းအတွက် ပြန်ကစားပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ ကာဗာနီကို စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ နည်းပြတူချယ်လ်ရဲ့ ပြောဆိုမှုအရ သိရပါတယ်။

"သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ၊ အသင်းနဲ့ စာချုပ်ကိစ္စကို ဆွေးနွေးမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်၊ ဒီအသင်းအကြောင်းကိုလည်း သူ ကောင်းကောင်းနားလည်ထားသူပါ၊ သူက အသင်းအတွက် အဝတ်လဲခန်းအတွင်းမှာရော၊ ကွင်းအတွင်းမှာပါ အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်" လို့ တူချယ်လ်က မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။



က္က