အနော်တိုဗစ်ကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ရောင်းချခဲ့ပြီးနောက် တိုက်စစ်မှူးအသစ်အဖြစ် ဟီဂူအင်ကို အသုံးပြုဖို့ ဝက်စ်ဟမ်းနည်းပြပယ်လီဂရီနီက ပစ်မှတ်ထားနေတာပါ။
ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းမှာ အငှားနဲ့လာရောက်ကစားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဂွန်ဇာလိုဟီဂူအင်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အသက် (၃၁)နှစ်အရွယ် တိုက်စစ်မှူးဟာ ချယ်လ်ဆီးမှာ ရာသီဝက်ကြာအငှားလာကစားခဲ့ပြီး (၁၈)ပွဲကစားပေးခဲ့ကာ (၅)ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အပြီးသတ်ခေါ်ယူခြင်းမပြုလုပ်ဖို့ ချယ်လ်ဆီးအသင်းက ဆုံးဖြတ်ခဲ့ပြီးနောက် ဟီဂူအင်က သူ့ရဲ့မူလကလပ် ဂျူဗင်တပ်စ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြဟောင်းဆာရီက ဟီဂူအင်ကို အငှားနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆာရီက ဂျူဗီနည်းပြသစ်အဖြစ် တာဝန်ယူနေလို့ ဟီဂူအင်က တူရင်မှာ နေရာရမယ်လို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။
ဒါပေမယ့်လည်း ဂျူဗင်တပ်စ်ကတော့ ဟီဂူအင်ကိုပြန်လည်ရောင်းချဖို့ စီစဉ်နေပြီး ဝက်စ်ဟမ်းက စိတ်ဝင်စားလာတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းက တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး ဂျူဗီကပေါင်သန်း (၄၀)နဲ့ အပြီးသတ်ရောင်းချသွားချင်တယ်လို့လည်း Sky Sport Italia က ဖော်ပြခဲ့ပြီး အသင်းနှစ်သင်းကြားမှာ အနည်းငယ်ကွဲလွဲမှုတွေရှိနေပါတယ်။
အနော်တိုဗစ်ကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ရောင်းချခဲ့ပြီးနောက် တိုက်စစ်မှူးအသစ်အဖြစ် ဟီဂူအင်ကို အသုံးပြုဖို့ ဝက်စ်ဟမ်းနည်းပြပယ်လီဂရီနီက ပစ်မှတ်ထားနေတာပါ။ ဟီဂူအင်အနေနဲ့ ချယ်လ်ဆီးမှာ ခြေစွမ်းသိပ်မပြနိုင်ခဲ့လို့ ဝေဖန်ခံနေရမှုတွေကို အခြားလန်ဒန်ကလပ်အသင်းတစ်သင်းမှာ ကစားပြီး ချေဖျက်ပြနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။