မန်စီးတီးအနေနဲ့ မက်ဆီကို အသက် ၃၆ နှစ်အရွယ်အထိ အသင်းမှာကစားစေမှာဖြစ်ပြီး ကျန်ကစားသမားဘဝကိုတော့ မေဂျာလိဂ်ကလပ်မှာ အဆုံးသတ်စေဖို့အတွက် တပါတည်းရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။
ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ မန်စီးတီးအသင်းကို ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့မယ်ဆိုပါက စုစုပေါင်း ပေါင်သန်း ၄၅၀ အထိရရှိဖို့ရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာက ထွက်ခွာဖို့အတွက် ရေပန်းစားနေတဲ့ မက်ဆီကို မန်စီးတီးက ခေါ်ယူဖို့ရာ အသင့်ဖြစ်နေပြီး များပြားလှတဲ့ငွေကြေးပမာဏတွေကို အကုန်အကျခံသွားမှာလည်းဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ကစားသမားကို မန်စီးတီးက အခွန်ဆောင်အပြီး ပေါင်သန်း ၄၅၀ အထိပေးချေသွားဖို့ ရှိနေကြောင်း အီတလီသတင်းထောက် Tancredi Palmeri က ဖော်ပြခဲ့တာဖြစ်ပါတယ်။ ၅ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး မက်ဆီအနေနဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း ၅ဝအထိ ရရှိမှာဖြစ်ကာ မန်စီးတီးမှာ ၃ နှစ်ကစားပြီး မန်စီးတီးရဲ့ ညီအစ်မကလပ်နယူးယော့ခ်စီးတီးကို ၂နှစ်ပြောင်းရွှေ့ကစားပါက ဆုကြေးယူရိုသန်း ၂၅၀ ရရှိလိမ့်မယ်လို့ Palemeri က ရေးသားဖော်ပြခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ မက်ဆီကို အသက် ၃၆ နှစ်အရွယ်အထိ အသင်းမှာကစားစေမှာဖြစ်ပြီး ကျန်ကစားသမားဘဝကိုတော့ မေဂျာလိဂ်ကလပ်မှာ အဆုံးသတ်စေဖို့အတွက် တပါတည်းရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ အသင်းနှစ်သင်းစလုံးရဲ့ ပုံရိပ်မြင့်တက်လာစေဖို့ မန်စီးတီးက ငွေကြေးအများအပြားအကုန်အကျခံကာ စီစဉ်ထားတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
လက်ရှိမှာ မက်ဆီနဲ့ ဘာစီလိုနာတို့ကြား ထိပ်တိုက်တွေ့ဆုံပြီး အဖြေရှာသွားဖို့ ရှိနေပါတယ်။ မက်ဆီဟာ တနင်္လာနေ့ကပြုလုပ်ခဲ့တဲ့ အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေကို လာရောက်မယ်၊ မလာရောက်ဘူးဆိုတာကိုလည်း သတင်းပေးပို့ခဲ့ခြင်းမရှိဘဲ ပျက်ကွက်ခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါသေးတယ်။