အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ် အပြောင်းအရွှေ့ကာလအတွက် ပေါင် ၄၅ သန်းသာ ရရှိထားလို့ ကစားသမားခေါ်ယူရာမှာ အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရပြီး လိုချင်တဲ့ ပဲလေ့စ်အသင်းက တိုက်စစ်မှူးဇာဟာကိုလည်း လက်လှမ်းမမီ ဖြစ်နေရပါတယ်။
စပိန်သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းမှ တောင်ပံကစားသမား မယ်လ်ကွန်ကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ရေး ကမ်းလှမ်းမှု ပြုလုပ်ဖို့ရှိတယ်လို့ Metro သတင်းဌာနက ဖော်ပြပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ မယ်လ်ကွန်နည်းတူ ပဲလေ့စ်အသင်းက တိုက်စစ်မှူးဇာဟာကိုလည်း ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းထားတာရှိပေမယ့် ပဲလေ့စ်အသင်းကတော့ ပေါင် သန်း ၈၀ အလိုရှိနေတာပါ။ Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းအနေနဲ့ တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပြီး အဲ့နောက်မှာတော့ အပြီးသတ် ခေါ်ယူနိုင်ရေး ထပ်မံကြိုးပမ်းမယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းကတော့ မယ်လ်ကွန်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၅.၈ သန်းနဲ့ အပြီးသတ်ရောင်းချလိုနေ ပေမယ့်လည်း ခေါ်ယူဖို့ကမ်းလှမ်းတဲ့အသင်းမရှိသေးတာပါ။ လက်ရှိမှာတော့ မယ်လ်ကွန်ရဲ့ အေးဂျင့်ဖြစ်သူဟာ ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးကစားသမားရဲ့ အနာဂတ်အတွက် ဆွေးနွေးဆောင်ရွက်သွားမယ်လို့လည်း သတင်းထွက်ပေါ်လာပါတယ်။
ဘာစီလိုနာအသင်းကတော့ မယ်လ်ကွန်ကို မနှစ်က ဘောလုံးရာသီက ဘော်ဒိုးအသင်းကနေ ပြောင်းရွှေ့ ကြေး ပေါင် ၃၆.၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် မယ်လ်ကွန်ကတော့ အသင်းမှာ ပုံမှန်နေရာရဖို့ရုန်းကန်ခဲ့ရပြီး မနှစ်က ရာသီ လာလီဂါ ၁၅ ပွဲသာ ပါဝင်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ မယ်လ်ကွန်ကို အငှားနဲ့ရဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက်ကတည်းက ကြိုးပမ်းခဲ့ပေ မယ့်လည်း ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု မရခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဒင်းနစ်ဆွာရက်ဇ်ကိုသာ ၆ လအငှားနဲ့ ခေါ်ယူခဲ့ပေမယ့် ဆွာရက်ဇ်ကလည်း အာဆင်နယ် အသင်းမှာ ခြေစွမ်းမပြနိုင်တာကြောင့် အငှားပြည့်ချိန်မှာ ဘာစီလိုနာကို ပြန်လည်စေလွှတ်ခဲ့ရပါတယ်။