ပဲလေ့စ်အသင်းက ခေါ်ယူဖု့ိ ကြိုးပမ်းနေတဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဇာဟာနေရာမှာ အစားထိုးခေါ်ယူခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ပီပီကလည်း အိုင်ဗရီကို့စ် ကစားသမားပဲ ဖြစ်ပါတယ်။
လိုင်လီအသင်းက အိုင်ဗရီကို့စ် တိုက်စစ်မှူး နီကိုးလက်စ်ပီပီကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေရာမှာတော့ အခုအခါ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။ နှစ်သင်းကြား သဘောတူညီမှုမှာတော့ အာဆင်နယ်က ပီပီအတွက် ပြောင်းရွှေ့ကြေးကို အရစ်ကျပေးချေသွားမှာဖြစ်ပြီး စုစုပေါင်း တန်ကြေးကတော့ ပေါင် ၇၂ သန်း (ယူရို သန်း ၈၀)လို့ သိရပါတယ်။
အပြီးသတ် အပြောင်းအရွှေ့ စာချုပ်ချုပ်ဖို့သာ ကျန်ရှိတော့ပြီး လာမယ့် ၂၄ နာရီနဲ့ ၄၈ နာရီအတွင်း အပြီးသတ်နိုင် ဖွယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။ အာဆင်နယ်နည်းတူ အီတလီကလပ် နာပိုလီအသင်းကလည်း ပီပီကို ချည်းကပ်ခဲ့တယ်လို့ သိရပေမယ့် ကစားသမားရဲ့ ဆန္ဒအရ ပယ်ချခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
ပီပီက ညာတောင်ပံမှာကစားတဲ့ ဘယ်သန်ကစားသမားဖြစ်ပေမယ့်လည်း ၄-၄-၂ ကစားကွက်ကစားမယ်ဆိုရင်လည်း တိုက်စစ်မှူးအဖြစ် အသုံးပြုနိုင်သူလည်း ဖြစ်ပါတယ်။ မနှစ်က ပြင်သစ်လိဂ်မှာ လိုင်လီအတွက် ၂၃ ဂိုးအထိသွင်းယူပေးခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်း လိုအပ်နေတဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ပြည့်စုံသူတစ်ဦးလည်း ဖြစ်ပါတယ်။