ဘာစီလိုနာကို အပြောင်းအလဲသစ်တွေနဲ့ မြင်ရတော့မှာပါ။
Pyae Phyo Thein

ကိုးမန်းအနေနဲ့ ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူပြီးတာနဲ့ တစ်ပြိုင်နက် အေဂျက်ဇ်ကွင်းလယ်လူဗန်ဒီဘိခ်ကို ချက်ချင်းခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။


နည်းပြဆက်တီယန်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးတဲ့နောက် ဘာစီလိုနာအသင်းဟာ နယ်သာလန်နည်းပြရော်နယ်ကိုးမန်းနဲ့ မူအရသဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ အတည်ပြုထားခြင်းမရှိပေမယ့် လာမယ့်တစ်ရက်၊နှစ်ရက်အတွငး်မှာ နည်းပြသစ်အဖြစ် ကိုးမန်းကို ကြေညာဖွယ်ရှိနေတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ အရှက်ရဖွယ်အရေးနိမ့်ခဲ့ပြီးနောက် ဆက်တီယန်ကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဆက်တီယန်ဟာ အသင်းကို တစ်နှစ်တောင်မကိုင်တွယ်ခဲ့ရဘဲ ပြန်လည်ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး နည်းပြအပြောင်းအလဲလုပ်ပြီးနောက်မှာ မက်ဆီရဲ့ အနာဂတ်ကို ဘာစီလိုနာက ဖြေရှင်းရဦးမှာဖြစ်ပါတယ်။

ရော်နယ်ကိုးမန်းကတော့ ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်ကာ နာမည်ကျော်နယ်သာလန်လက်ရွေးစင်အသင်းသားဟောင်းလည်းဖြစ်ပါတယ်။ နည်းပြအဖြစ်နဲ့လည်း အတွေ့အကြုံရင့်ကျက်နေပြီဖြစ်ကာ လက်ရှိမှာ ဟော်လန်လက်ရွေးစင်အသင်းကို အကောင်းဆုံးကိုင်တွယ်ပေးထားနိုင်သူဖြစ်ပြီး သူ့လက်ထက်မှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်လာအောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။

ကိုးမန်းအနေနဲ့ ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူပြီးတာနဲ့ တစ်ပြိုင်နက် အေဂျက်ဇ်ကွင်းလယ်လူဗန်ဒီဘိခ်ကို ချက်ချင်းခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေအများအပြားပြုလုပ်ဖို့ လိုအပ်နေတဲ့ ဘာစီလိုနာအတွက် ဗန်ဒီဘိခ်က မဖြစ်မနေခေါ်ယူသင့်တဲ့ ကစားသမားမျိုးဖြစ်ကာ ဒီဂျောင်နဲ့ ပြန်လည်ဆုံဆည်းနိုင်ဖွယ်ရာလည်း ရှိနေပြီဖြစ်ပါတယ်။ 

ဘာစီလိုနာနဲ့ အေဂျက်ဇ်တို့ကြားမှာလည်း ဆက်ဆံရေးကောင်းတွေရှိနေပြီး အပြန်အလှန်အားဖြင့် အေဂျက်ဇ်ကလည်း ဆွာရက်ဇ်ကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုးမန်း နဲ့ ဗန်ဒီဘိခ်တို့ နူးကမ့်ကို တစ်ပြိုင်တည်းရောက်လာမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ 


Author


က္က