ပေါင် ၂၈ သန်းအထိ ရီးရဲလ်က စျေးသတ်မှတ်ထားပါတယ်။
Pyae Phyo Thein

ကိုလံဘီယာလက်ရွေးစင်ဟာ ရီးရဲလ်ဟာ ပုံမှန်ကစားခွင့်ရရှိဖို့ ရုန်းကန်နေရပြီး လာမယ့်ရာသီမှာ သေချာပေါက်ရောင်းချခံရဖို့ရှိနေတယ်လို့လည်း သိရပါတယ်။


နယူးကာဆယ်အသင်းကို ဆော်ဒီမင်းသားဘင်လ်ဆယ်မန်က ဝယ်ယူဖို့ကြိုးစားနေတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် နာမည်ကျော်ကစားသမားအများအပြားကို နယူးကာဆယ်က ဝယ်ယူဖို့အတွက် စာရင်းပြုစုနေတယ်ဆိုတဲ့ သတင်းတွေလည်းထွက်လာခဲ့ပါတယ်။ ဒီကစားသမားတွေထဲမှာ ရီးရဲလ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က နောက်ဆုံးပါဝင်လာခဲ့ပြီလို့ သိရပါတယ်။ 

ကိုလံဘီယာလက်ရွေးစင်ဟာ ရီးရဲလ်ဟာ ပုံမှန်ကစားခွင့်ရရှိဖို့ ရုန်းကန်နေရပြီး လာမယ့်ရာသီမှာ သေချာပေါက်ရောင်းချခံရဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ၂နှစ်ကြာ အငှားသွားကစားခဲ့ပြီး ၆၇ ပွဲကစားခဲ့ပြီး ၁၅ ဂိုးသွင်းကာ ၂ဝကြိမ် ဖန်တီးပေးနိုင်ခဲ့လို့ ခြေစွမ်းပိုင်းအားနည်းတယ်လို့တော့ မဆိုသာခဲ့ပါဘူး။ ဒါပေမယ့် ဒီရာသီမှာတော့ ရီးရဲလ်မှာ ၁၃ ပွဲကစားပြီး တစ်ဂိုးသာသွင်းနိုင်ခဲ့သလို ၂ကြိမ်သာဖန်တီးပေးထားနိုင်ခဲ့တာပါ။ 

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရှင်ဟာ ကစားသမားဘဝအကောင်းဆုံးအချိန်အခါကို ရောက်ရှိနေပေမယ့် ဒဏ်ရာပြသနာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ နယူးကာဆယ်အနေနဲ့ ပိုင်ရှင်သစ်လက်အောက်ကို ရောက်ခဲ့မယ်ဆိုရင် ပရိးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတစ်သင်းအဖြစ် နေ့ချင်းညချင်းဖြစ်လာဖို့ရှိနေပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက်လည်း ကစားသမားဘဝပုံမှန်လမ်းကြောင်းကို ပြန်ရောက်ဖို့အတွက် သင့်တော်တဲ့နေရာတစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ရာသီတွေကတည်းက ပရီးမီးယားလိဂ်ကို ရောက်ရှိမယ်လို့ သတင်းထွက်ခဲ့တဲ့ ဂျိမ်းစ်ဟာ နောက်ရာသီမှာတော့ အင်္ဂလန်ကို သေချာပေါက်ရောက်ရှိလာလိမ့်မယ်လို့ ရေပန်းစားနေပါတယ်။ ရီးရဲလ်က သူ့အတွက် ပေါင် ၂၈သန်းအထိ အလိုရှိနေပြီး နယူးကာဆယ်ပိုင်ရှင်သစ်တွေအတွက် အဆိုပါပမာဏက လက်တွန့်စရာရှိမှာတော့မဟုတ်ပါဘူး။ တချို့သတင်းတွေကတော့ ရီးရဲလ်ဟာ ဂျိမ်းစ်ကို ရောင်းချဖို့တောင်သဘောတူခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ 

တိုက်စစ်ပိုင်းကို ဦးဆောင်ကစားနိုင်ပြီး ကိုယ်တိုင်လည်းဂိုးသွင်းယူကာ အသင်းဖော်တွေအတွက်လည်း ဖန်တီးပေးနိုင်တဲ့ အရည်အသွေးက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဆီမှာ အပြည့်အဝရှိနေပါတယ်။ အဲဗာတန်နည်းပြအန်ဆယ်လော့တီကလည်း ရီးရဲလ်နဲ့ ဘိုင်ယန်မှာလက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဂျိမ်းစ်အနေနဲ့ သူ့ရဲ့အရည်အသွေးအစစ်အမှန်ကို သက်သေပြဖို့အတွက်ဆိုရင် နယူးကာဆယ်ရဲ့ ပြုပြင်ပြောင်းလဲရေးစီမံကိန်းတွေက ပိုပြီးတော့ဆွဲဆောင်နိုင်ဖွယ်ရှိလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေကြတယ်လို့ TBRFootball က ဖော်ပြသွားခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က